Crypto လောကရဲ့ မတည်ငြိမ်တဲ့သဘောတရားအစိတ်အပိုင်းအားလုံးကို နားလည်ထားခြင်းဟာ ဒီမတည်ငြိမ်တဲ့ဈေးကွက်မှာ အောင်မြင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပြီးတော့ Crypto လောကမှာကျင်လည်ဖို့ဆိုရင် အဆိုပါအခြေခံအကျဆုံး အစိတ်အပိုင်းတွေထဲကတစ်ခုဖြစ်တဲ့ Token Unlocks လို သဘောတရားတွေကို နားလည်သိရှိထားဖို့လိုအပ်ပါတယ်။

Token Unlocks ဆိုတာဘာလဲ

Token Unlocks ဆိုတာ Project အဖွဲ့ဝင်တွေ၊ အစောပိုင်းရင်းနှီးမြှုပ်နှံသူတွေနဲ့ အခြားသောပါဝင်သူတွေဆီမှာ အစကတည်းက Lock ချထားတဲ့ Digital Token တွေကို သတ်မှတ်ထားတဲ့အချိန်ရောက်တဲ့အခါ ဈေးကွက်ထဲပြန်လည်ထုတ်ပေးလိုက်တဲ့ လုပ်ငန်းစဥ်ကိုဆိုလိုတာဖြစ်ပါတယ်။ ဒီလို Lock ချထားရတာက Token တွေချက်ချင်းဆိုသလိုအများအပြားရောင်းချခံရပြီး ဈေးနှုန်းကိုထိခိုက်တာမျိုးမဖြစ်ရအောင်ကာကွယ်ဖို့ရည်ရွယ်တာအပြင် ရင်းနှီးမြှုပ်နှံသူတွေနဲ့ community အပေါ်သစ္စာရှိမှုကိုပြသရာရောက်တဲ့အတွက် Token unlocks တွေဟာ ငွေဖြစ်လွယ်မှု (liquidity)၊ စည်းမျဥ်းစည်းကမ်းလိုက်နာမှုနဲ့ ရင်းနှီးမြှုပ်နှံသူဆက်ဆံရေးတွေအတွက် အရေးကြီးတဲ့လုပ်ငန်းစဥ်တစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။


Token Distribution ဆိုတာဘာလဲ

Token unlocks ရဲ့ Token ဖြန့်ဝေမှု (Token Distribution) အပိုင်းကိုကြည့်မယ်ဆိုရင် အဖွဲ့အတွက် (Team Allocations)၊ ဘဏ္ဍာတိုက်နဲ့ဂေဟစနစ်ရန်ပုံငွေတွေအတွက် (Treasury and Ecosystem Funds)၊ အစောပိုင်းရင်းနှီးမြှုပ်နှံသူတွေနဲ့သီးသန့်ရောင်းချမှုတွေအတွက် (Investors and Private Sales) အစသဖြင့်အမျိုးမျိုးရှိပြီး ဒီအဖွဲ့တွေရရှိထားတဲ့ Token တွေကိုတော့ vesting schedule တွေနဲ့ချည်နှောင်ထားလေ့ရှိပါတယ်။

Vesting ဆိုတာက ရင်းနှီးမြှုပ်နှံသူတွေအပါအဝင် အဖွဲ့ဝင်တွေအနေနဲ့ သူတို့ရရှိမယ့် Token တွေကို အချိန်ကာလတစ်ခုအတွင်း ဘယ်အချိန်မှာရရှိမယ်ဆိုတာကိုသတ်မှတ်ပေးထားတဲ့ လုပ်ငန်းစဉ်ကိုဆိုလိုတာဖြစ်ပြီးတော့ ဥပမာအနေနဲ့ founder တစ်ဦးဟာ စုစုပေါင်း Token ရဲ့ 10% ကိုရရှိမယ်လို့သတ်မှတ််ထားပေမယ့် vesting schedule က 4နှစ်ဖြစ်ကာ 1 year cliff ပါဝင်ခဲ့မယ်ဆိုရင် ဒါက cliff period အတွင်းမှာ ဘာ Token မှ ထုတ်ယူလို့ရမှာမဟုတ်ဘဲ တစ်နှစ်ပြည့်ပြီးတော့မှသာ သူရမယ့် 10% ထဲက 25% ကိုထုတ်ယူလို့ရနိုင်မှာဖြစ်ပြီး ကျန်တဲ့ပမာဏကိုတော့ နောက်ထပ် 3နှစ်အတွင်း လစဉ် ဒါမှမဟုတ် 3လတစ်ကြိမ်သာထုတ်ယူလို့ရနိုင်မယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။

Long term မှာ ဈေးမကျအောင်

အခုလို Token ဖြန့်ဝေတဲ့နေရာမှာ Founders တွေအပါအဝင် Project အဓိကအဖွဲ့ဝင်တွေက များသောအားဖြင့် စုစုပေါင်း Token အရေအတွက်ရဲ့တစ်စိတ်တစ်ပိုင်းကိုရရှိကြတဲ့အတွက် ဒီလိုစီစဉ်ခြင်းအားဖြင့် Founders တွေအနေနဲ့ Token ကို ချက်ချင်းရောင်းချတာမျိုးမလုပ်နိုင်တာကြောင့် ရေရှည်အကျိုးစီးပွားကို Project အောင်မြင်မှုနဲ့ချိတ်ဆက်ပေးလာနိုင်ပါလိမ့်မယ်။

နောက်ပြီး Project တစ်ခုဟာ Token ရောင်းချမှုကနေတစ်ဆင့်ရန်ပုံငွေရှာဖွေတဲ့အခါ အစောပိုင်းရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ များသောအားဖြင့် Token တွေကိုလျှော့စျေးနဲ့ရလေ့ရှိကြပါတယ်။ ဒါကြောင့် အဆိုပါရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း Token တွေ အများအပြားရုတ်တရက်ရောင်းချမှုကြောင့် Token ဈေးနှုန်းကိုထိခိုက်တာမျိုးမဖြစ်အောင်လို့ Token unlock အစီအစဉ်တွေကိုသဘောတူကြရလေ့ရှိတဲ့အတွက် ငွေဖြစ်လွယ်မှု (liquidity) ကောင်းမွန်တဲ့စျေးကွက်တစ်ခုဖြစ်လာဖို့ကူညီပေးနိုင်မယ့်အပြင် Token ဈေးနှုန်းတည်ငြိမ်မှုကိုပါထောက်ပံ့ပေးစေနိုင်မှာဖြစ်ပါတယ်။


ကြိုတင်စီစဉ်ထားရ

ဒါ့အပြင် Project တွေအနေနဲ့ unlock ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ထိတ်လန့်မှုမဖြစ်ရလေ‌အောင် Token unlock အစီအစဉ်တွေကိုကြိုတင်စီစဉ်ထားရလေ့ရှိပြီး အများအားဖြင့် community ကိုအသိပေးဖို့အတွက် Token unlock calendar တွေကိုထုတ်ပြန်လေ့ရှိကြပါတယ်။ Token တွေကိုတခါတည်း အားလုံးထုတ်ပေးတာမျိုးလည်းဖြစ်နိုင်ပေမယ့် ဒီနည်းလမ်းကအသုံးများတဲ့နည်းလမ်းတစ်ခု‌တော့မဟုတ်ပါဘူး။

အချို့ Project တွေကတော့ Token unlocks လုပ်တဲ့အခါမှာ သူတို့ Lock ချထားတဲ့ Token တွေကို ကြိုတင်သတ်မှတ်ထားတဲ့ smart contracts တွေအသုံးပြုကာ ဘယ်အချိန်မှာ Token ထုတ်ပေးမလဲဆိုတဲ့အစီအစဥ်တွေနဲ့ အလိုအလျောက်ဆောင်ရွက်တာမျိုးတွေရှိကြပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ အလွန်အရေးကြီးတာက ဥပဒေစည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့ဖြစ်ပြီး ကောင်းမွန်စွာစီစဉ်ညွှန်ကြားထားမှုမရှိတဲ့ Token unlocks တွေ (ဥပမာ - ရုတ်တရက်ပမာဏအများကြီးထုတ်လိုက်တာမျိုး) ဟာ အစိုးရ ဒါမှမဟုတ် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ unregistered securities လို့ သတ်မှတ်တာကိုခံရနိုင်တဲ့အတွက် ဥပဒေအရအရေးယူခံရတာမျိုးနဲ့ တရားစွဲဆိုခံရတာမျိုးလို ပြဿနာတွေကိုဖြစ်လာစေနိုင်ပါတယ်။

ဒီလို ဥပဒေဆိုင်ရာအခက်အခဲတွေနဲ့ စွန့်စားရမှုတွေကိုရှောင်ရှားနိုင်ဖို့အတွက် Project Founders တွေဟာ မကြာခဏဆိုသလို Token unlocks တွေကို Founders ကိုယ်တိုင် ထိန်းချုပ်တာထက် foundation ဒါမှမဟုတ် decentralized autonomous organization (DAO) တစ်ခုကိုတည်ထောင်ပြီးစီမံခန့်ခွဲစေကာ Token ရောင်းချမှုတွေကို စည်းမျဉ်းနဲ့ညီညွတ်အောင်လုပ်ဆောင်ဖို့အတွက် ဥပဒေအကြံပေးတွေနဲ့ဆွေးနွေးတိုင်ပင်‌လေ့ရှိကြပါတယ်။

အမြင်မတူကြခြင်း

အဆိုပါ Token unlocks တွေနဲ့ပတ်သက်လို့ အချို့ကဈေးနှုန်းအပေါ် ထိခိုက်စေနိုင်တယ်လို့ ယုံကြည်ကြသလို၊ အချို့ကတော့ ဒါတွေဟာဈေးကွက်ထဲမှာ ကြိုတင်ထည့်သွင်းတွက်ချက်ပြီးသားဖြစ်လို့ ဈေးနှုန်းပြောင်းလဲမှုတွေဟာ ဝယ်လိုအားနဲ့ အသုံးပြုနိုင်မှု (utility) ကြောင့်ဖြစ်ပေါ်တာလို့ယုံကြည်ကြပါတယ်။

ဒါပေမယ့် Token unlocks နဲ့ ပတ်သက်လို့သိထားရမယ့်သဘောတရားတစ်ခုက Token unlocks ဆိုတာ ဈေးကွက်ထဲကို Token အသစ်တွေထပ်ရောက်လာတာဖြစ်တဲ့အတွက် ဈေးကွက်ထဲမှာ selling pressure ကိုဖြစ်စေနိုင်ပြီး ဈေးကျဆင်းတာမျိုးဖြစ်တတ်တဲ့အပြင် အကယ်၍သာ ထုတ်ပေးလိုက်တဲ့ပမာဏကများပြားပြီး အစောပိုင်းရရှိသူတွေကသာရောင်းချဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့ အခြေအနေဆိုးနိုင်ပါတယ်။

သို့ပေမယ့်လည်း Token unlocks တိုင်းကဈေးကျတာမျိုးမဟုတ်ဘဲ Project ကိုင်တွယ်စီမံမှုကောင်းပြီး ဂေဟစနစ်ကြီးထွားဖို့နဲ့ ငွေဖြစ်လွယ်မှုမြှင့်တင်ဖို့အသုံးပြုတဲ့ unlocks တွေဆိုရင်တော့ ဈေးနှုန်းအပေါ်အပြောင်းအလဲသိပ်မရှိတဲ့အတွက် selling pressure တွေရဲ့သက်ရောက်မှုအားလည်း ရှိလာနိုင်မှာမဟုတ်ပါဘူး။


အချုပ်အားဖြင့်


အချုပ်အားဖြင့်ဆိုရသော် Token unlocks တွေဟာ Project ရဲ့ရေရှည်အောင်မြင်မှု၊ ပါဝင်ပတ်သက်သူတွေကြားယုံကြည်ချက်တည်ဆောက်မှုနဲ့ ဥပဒေစည်းမျဉ်းလိုက်နာမှုတွေအတွက် အလွန်အရေးကြီးတာကြောင့် ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေနဲ့ Token unlock schedule တွေကိုလေ့လာခြင်းဟာ မိမိရင်းနှီးမြှုပ်နှံမယ့်အချိန်ကို ဆုံးဖြတ်ရာမှာ အထောက်အကူပြုတဲ့အချက်တစ်ချက်ဖြစ်လာနိုင်ပါတယ်။

သို့ပေမယ့် Token unlock တစ်ခုတည်းကိုသာကြည့်ပြီးဆုံးဖြတ်တာမျိုးမလုပ်သင့်ဘဲ Project ရဲ့အခြေခံအချက်အလက်တွေ၊ အသုံးဝင်မှု (utility) နဲ့ ဈေးကွက်အခြေအနေတွေကိုပါပြည့်စုံအောင် သေသေချာချာလေ့လာသုံးသပ်သင့်ပါတယ်။

မည်သို့ပင်ဖြစ်စေ မည်သည့် Crypto ရင်းနှီးမြှုပ်နှံမှုကိုမဆို မိမိအနေနဲ့ နှံ့နှံ့စပ်စပ် (DYOR - Do Your Own Research) လေ့လာဖို့လိုအပ်ပြီး မိမိအဆုံးရှုံးနိုင်မယ့်ပမာဏထက်ပိုတဲ့ ရင်းနှီးမြှုပ်နှံတာတွေမပြုလုပ်မိဖို့ အထူးအရေးကြီးတယ်ဆိုတာကိုတော့ အမြဲသတိကပ်ထားရမှာပဲဖြစ်ပါတယ်။

Binance Account ဖွင့်ရန်