Crypto Market အနေနဲ့ 2025 ခုနှစ်ထဲမှာတင် သိသာထင်ရှားတဲ့ ဈေးနှုန်းအပြောင်းအလဲတွေကိုကြုံတွေ့ခဲ့ရပြီး Total Market Capitalization အနေနဲ့ ဒေါ်လာ 3 Trillion နဲ့ 3.73 Trillion ကြားမှာ တက်လိုက်ကျလိုက်ဖြစ်နေခဲ့ပါတယ်။ အခုလိုမတည်ငြိမ်ရတဲ့ အဓိကအကြောင်းအရင်းက Trump ဖြစ်ပြီးတော့ Trump ရာထူးစတင်ချိန်တုန်းက Bitcoin ဟာ All Time High အသစ်ဖြစ်တဲ့ ဒေါ်လာ 109,200 ကို ရောက်ရှိခဲ့တယ်ဆိုပေမယ့် မကြာသေးခင်က ကုန်သွယ်ရေးစစ်ပွဲကြောင့် Market မှာ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
အခွန်ကောက်ခံမှုကြောင့် ဈေးကွက်ပြောင်းလဲမှုဖြစ်
2025 ခုနှစ် February လ 1 ရက်နေ့မှာ Trump က ကနေဒါနဲ့ မက္ကဆီကိုရဲ့တင်သွင်းကုန်အပေါ် 25% နဲ့ တရုတ်ရဲ့ကုန်ပစ္စည်းအပေါ် 10% ဆိုပြီး အခွန်တိုးမြှင့်ကောက်ခံခဲ့တာကြောင့် Global Markets အပါအဝင် Crypto Markets တွေကို အတော်လေးတုန်လှုပ်သွားစေခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆိုပါအခွန်တွေကို ရက် 30 ကြာ ယာယီရပ်ဆိုင်းလိုက်တဲ့အတွက် အနည်းငယ်သက်သာရာရခဲ့ပြီး Bitcoin ကို ဒေါ်လာ 100,000 အထက်ပြန်လည်ရောက်ရှိစေခဲ့ပေမယ့်လည်း နောက်ဆက်တွဲလုပ်ဆောင်ချက်အဖြစ် သံနဲ့ အလူမီနီယမ်အပေါ် 25% အခွန်ထပ်တိုးကောက်ခံခဲ့တာကြောင့် ဒီအခွန်တွေဟာ Crypto Market အပေါ် ဘယ်လိုအကျိုးသက်ရောက်စေမလဲဆိုတာ ရင်းနှီးမြှုပ်နှံသူတွေကြားမှာ မေးခွန်းထုတ်လာစေခဲ့ပါတယ်။ Trump အစိုးရလက်ထက်မှာ Crypto စည်းမျဉ်းပြုပြင်ပြောင်းလဲမှုတွေနဲ့ Bitcoin Strategic Reserve လို မူဝါဒတွေကြောင့် Crypto ဈေးနှုန်းတွေ သိသိသာသာမြင့်တက်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် Crypto Markets ကတော့ မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။
အခုလို အခွန်တွေကောက်ခံရတာရဲ့အဓိကရည်ရွယ်ချက်က တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုတွေကိုတားဆီးဖို့နဲ့ တားမြစ်ထားတဲ့ပစ္စည်းတွေဝင်ရောက်တာကို ကာကွယ်ဖို့လို့ဆိုပေမယ့် လူအများစုကတော့ ဒီလုပ်ရပ်ဟာ အမေရိကန်အနေနဲ့ Major Economies တွေမှာ သူတို့ရဲ့လွှမ်းမိုးမှုကိုပြသတဲ့ ဗျူဟာမြောက်အချက်ပြမှုတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ အခွန်တိုးကောက်တဲ့ကိစ္စကြောင့် ကနေဒါနဲ့မက္ကဆီကိုတို့ဘက်က အမေရိကန်နဲ့ သဘောတူညီမှုရအောင် အလျင်အမြန်လုပ်ဆောင်ခဲ့တဲ့အတွက် အခွန်တိုးမြှင့်ကောက်ခံမှုတွေကို ယာယီရပ်ဆိုင်းခဲ့တယ်ဆိုပေမယ့်လည်း သံနဲ့ အလူမီနီယမ်အပေါ် 25% အခွန်ထပ်တိုးကောက်ခံလိုက်တာကိုကြည့်ခြင်းအားဖြင့် အမေရိကန်ရဲ့နက်ရှိုင်းတဲ့ဗျူဟာမြောက်ရည်ရွယ်ချက်ကိုတွေ့ရှိရမှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်မယ်ဆိုရင် သူ့အနေနဲ့ အဓိကစက်မှုကဏ္ဍတွေအပေါ် ဖိအားပေးတာကို ဆက်လက်ထိန်းသိမ်းဖို့ စိတ်ပိုင်းဖြတ်ထားပုံရတဲ့အတွက် ကုန်သွယ်ရေးစစ်ပွဲကတော့ ပြီးဆုံးမှာမဟုတ်သေးပါဘူး။
တဖက်မှာလည်း Trump ရဲ့ အခွန်သတင်းတွေကို Crypto Market က ချက်ချင်းတုံ့ပြန်ခဲ့တဲ့အတွက် Bitcoin ဈေးနှုန်းတွေကျဆင်းသွားခဲ့သလို အခြား Altcoins တွေရဲ့ဈေးနှုန်းတွေလည်း အမြတ်ထုတ်ရောင်းချမှုကြောင့် ကျဆင်းသွားခဲ့ရပါတယ်။ ဒါ့အပြင် အခွန်တွေကြောင့် ငွေကြေးဖောင်းပွမှုတွေဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ အမေရိကန်ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းကိုဘယ်လို ပြောင်းလဲမလဲဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ပိုပြီးလုံခြုံတယ်လို့ယူဆတဲ့ ရွှေ (သို့) အစိုးရငွေချေးစာချုပ်တွေဘက်ကို အာရုံစိုက်လာနိုင်သလို အန္တရာယ်များတယ်လို့ ယူဆတဲ့ Crypto လို Assets တွေကို ရှောင်ရှားလာနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ငွေကြေးဖောင်းပွမှုမြင့်တက်လာတဲ့အခါ ဗဟိုဘဏ်အနေနဲ့ ဈေးနှုန်းတွေကိုထိန်းချုပ်ဖို့အတွက် အတိုးနှုန်းမြှင့်တင်ဖို့ ဖိအားပေးခံရလာနိုင်ပြီး အတိုးနှုန်းမြင့်တက်လာရင်တော့ စီးပွားရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ပိုပြီးကုန်ကျစရိတ်များလာတဲ့အတွက် ဈေးကွက်ကို ထိခိုက်စေပါလိမ့်မယ်။
Crypto အတွက် ရေရှည်ကောင်းနိုင်
အခြားတစ်ဖက်ကတွေးကြည့်မယ်ဆိုရင် အခွန်ကြောင့်ဖြစ်ပေါ်လာတဲ့မတည်ငြိမ်မှုတွေက ရေတိုမှာ ဈေးနှုန်းတွေအတက်အကျရှိနိုင်ပေမယ့် ရေရှည်မှာတော့ Crypto Market အတွက် အခွင့်အလမ်းကောင်းတွေဖြစ်လာနိုင်ပါတယ်။ ဥပမာအနေနဲ့ အမေရိကန်ဟာ အိမ်နီးချင်းနိုင်ငံတွေဆီက ဒေါ်လာ Billion နဲ့ချီတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို နိုင်ငံထဲတင်သွင်းတာဖြစ်တဲ့အတွက် ဒီလိုအခြေခံလိုအပ်တဲ့ပစ္စည်းတွေအပေါ် အခွန်တွေတိုးမြှင့်တာဟာ ကုန်ကျစရိတ်တွေကို မြင့်တက်စေပြီး ငွေကြေးဖောင်းပွမှုကိုဖြစ်ပေါ်စေကာ ဒေါ်လာတန်ဖိုးကိုလျော့ကျစေနိုင်ပါတယ်။ အဲ့ဒီလို အခြေအနေတွေမှာ ရွှေအပါအဝင် Bitcoin လို Assets တွေကို ရင်းနှီးမြှုပ်နှံသူတွေက တန်ဖိုးကျဆင်းတာကနေကာကွယ်ဖို့ ရှာဖွေတတ်တဲ့အတွက် ပိုမိုအာရုံစိုက်ခံရလေ့ရှိပါတယ်။ ရွှေလိုမျိုး Bitcoin ကို Digital Gold လို့ သတ်မှတ်ကြတာဟာ ဗဟိုအာဏာပိုင်ရဲ့ထိန်းချုပ်မှုမရှိဘဲ ပမာဏအကန့်အသတ်နဲ့တည်ရှိနေလို့ဖြစ်ပြီး နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကြားမှာ တန်ဖိုးကိုထိန်းသိမ်းနိုင်တဲ့ သမိုင်းကြောင်းလည်းရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ငွေကြေးဖောင်းပွမှုနဲ့ တခြားစီးပွားရေးအန္တရာယ်တွေကနေ ကာကွယ်ဖို့အတွက် $BTC Bitcoin ကို ရွှေလိုပဲစိတ်ချယုံကြည်စွာ ရွေးချယ်လာနိုင်ပါတယ်။ မကြာသေးခင်က CPI အချက်အလက်တွေမှာ 0.5% ငွေကြေးဖောင်းပွမှုမြင့်တက်လာတာဟာ အခွန်စစ်ပွဲရဲ့အစောပိုင်းလက္ခဏာဖြစ်ပြီး အကယ်၍ အခွန်စစ်ပွဲသာဆက်လက်ဖြစ်ပွားမယ်ဆိုရင် တိုးတက်လာတဲ့စည်းမျဉ်းရှင်းလင်းမှုအပါအဝင် တိုးပွားလာတဲ့အဖွဲ့အစည်းဆိုင်ရာ စိတ်ဝင်စားမှုတို့ကြောင့် ငွေကြေးဖောင်းပွမှုကိုကာကွယ်ဖို့အတွက် ရေရှည်မှာ Crypto ကို ပိုမိုကျယ်ပြန့်စွာ လက်ခံလာစေနိုင်ပါလိမ့်မယ်။
အခုလို Trump ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ရေတိုမတည်ငြိမ်မှုတွေဟာ Crypto Market အတွက် အားသာချက်နှစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ ပထမတစ်ခုက Crypto ဈေးတွေကျဆင်းသွားတာကြောင့် ဈေးနှုန်းတွေပြန်တက်လာမယ်လို့မျှော်လင့်တဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ဈေးသက်သာတဲ့အချိန်မှာ ဝင်ရောက်ဝယ်ယူနိုင်တဲ့ အခွင့်အရေးကောင်းကိုရရှိပြီး ဒုတိယတစ်ခုက ကုန်သွယ်ရေးစစ်ပွဲနဲ့ဆက်စပ်တဲ့ စီးပွားရေးအခြေအနေတွေ (ဥပမာ ငွေကြေးဖောင်းပွစိုးရိမ်မှု) ကြောင့် ရေရှည်မှာ Crypto ကဏ္ဍကို တိုးတက်အားပေးမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ဒီလို အခြေအနေတွေက Bitcoin နဲ့ တခြား Digital Assets တွေကို တိုးတက်မယ့်လမ်းကြောင်းပေါ်ရောက်စေပေမယ့် သတင်းကြောင့်ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကိုကျော်လွှားနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ကုန်သွယ်ရေးတိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်ပြီး သတိရှိနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် မိမိအနေနဲ့ ကုန်သွယ်ရေးတိုးတက်မှုတွေအပါအဝင် ရင်းနှီးမြှုပ်နှံထားတဲ့ငွေကြေးတွေကိုထိန်းသိမ်းပြီး မိမိရဲ့ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာတွေအတိုင်းသာ စနစ်တကျလိုက်နာမယ်ဆိုရင် အနာဂတ်မှာပေါ်ပေါက်လာမယ့် တိုးတက်မှုအခွင့်အလမ်းတွေမှာ အကောင်းဆုံးအသုံးချနိုင်မှာပဲဖြစ်ပါတယ်။