Spot Trade ဆိုတာဘာလဲ?
Spot Trade ဆိုတဲ့ ဝေါဟာရက နိုင်ငံခြားငွေကြေး၊ ကုန်ပစ္စည်းနဲ့ ငွေကြေးဆိုင်ရာ instrument တစ်ခုခုကို သတ်မှတ်ထားတဲ့ spot date မှာ ချက်ချင်းလက်ငင်းရရှိဖို့အတွက် ဝယ်ယူတာ (သို့) ရောင်းချတာကို ရည်ညွှန်းတာဖြစ်ပြီး Spot Trade မှာ နိုင်ငံခြားငွေလဲလှယ်ကာ အရောင်းအဝယ်ပြုလုပ်တဲ့ နှုန်းကိုတော့ Spot Exchange Rate လို့ခေါ်ဆိုပါတယ်။
Spot Contracts အများစုက ဝယ်သူဆီကို ငွေကြေး၊ ကုန်ပစ္စည်းနဲ့ ငွေကြေးဆိုင်ရာ instrument တွေ အမှန်တကယ် ပို့ဆောင်ပေးတာဖြစ်တဲ့အတွက် Forward Trade (အနာဂတ်ရက်စွဲအတွက် ကြိုတင်သတ်မှတ်ထားတဲ့ အရောင်းအဝယ်) ဒါမှမဟုတ် Futures Trade (စံသတ်မှတ်ထားတဲ့စာချုပ်နဲ့ အနာဂတ်မှာ ဝယ်ယူရောင်းချမယ့် အရောင်းအဝယ်) တွေနဲ့ မတူဘူးဆိုတာကိုတော့ သိထားဖို့လိုအပ်ပါတယ်။
Spot Trade ကို နားလည်ခြင်း
အပေါ်မှာဖော်ပြထားတဲ့အတိုင်း Spot Trade ဆိုတာ ကုန်ပစ္စည်း၊ နိုင်ငံခြားငွေကြေးနဲ့ ငွေကြေးဆိုင်ရာ instrument တစ်ခုခုပါဝင်တဲ့ ငွေကြေးဆိုင်ရာအရောင်းအဝယ်တစ်ခုဖြစ်တဲ့အတွက် ဒီလိုအရောင်းအဝယ်မျိုးတွေကို Exchanges တွေမှာလည်းကောင်း၊ Over the counter - OTC မှာလည်းကောင်း လုပ်ဆောင်နိုင်ပါတယ်။ ဥပမာအနေနဲ့ ကုန်ပစ္စည်းတွေကို အများအားဖြင့် ငွေလဲလှယ်ရေးဈေးကွက် (Exchanges) တွေမှာ အရောင်းအဝယ်လုပ်လေ့ရှိပြီး ငွေကြေးတွေကိုတော့ အများအားဖြင့် OTC မှာ အရောင်းအဝယ်လုပ်လေ့ရှိကြပါတယ်။
Over the counter - OTC ဆိုတာက ငွေကြေးဈေးကွက်တွေမှာဆိုရင် သမားရိုးကျ Stock Exchanges တွေလို နေရာမျိုးမပါဝင်ဘဲ နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့ တိုက်ရိုက်အရောင်းအဝယ်လုပ်တဲ့လုပ်ငန်းစဉ်ကို ခေါ်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် Stock Exchanges မှာ စာရင်းမဝင်သေးတဲ့ ကုမ္ပဏီငယ်လေးတွေရဲ့ ရှယ်ယာတွေ၊ ငွေချေးစာလွှာတွေ (bonds)၊ အနာဂတ်မှာ ငွေပေးချေမယ့်စာချုပ်တွေ (derivatives) နဲ့ နိုင်ငံခြားငွေကြေးတွေကို OTC ဈေးကွက်မှာ အရောင်းအဝယ် လုပ်လေ့ရှိကြပါတယ်။ ဒီလိုအရောင်းအဝယ်မျိုးက ဝယ်သူနဲ့ရောင်းသူရဲ့ အလယ်မှာ ဘယ်အဖွဲ့အစည်းရဲ့ ကြီးကြပ်မှုမှမပါဘဲ တိုက်ရိုက်ညှိနှိုင်းပြီးတော့ စျေးနှုန်းသတ်မှတ်ကာ အရောင်းအဝယ်လုပ်ကြတာဖြစ်တဲ့အတွက် စာရင်းဝင်ပြီးသား ဈေးကွက်တွေထက်စာရင် စည်းမျဉ်းစည်းကမ်းအားနည်းနိုင်သလို ပွင့်လင်းမြင်သာမှုလည်းနည်းနိုင်ပါတယ်။
Spot Trade အမျိုးအစားတွေထဲမှာ နိုင်ငံခြားငွေလဲလှယ်တဲ့ Spot စာချုပ် (Foreign exchange spot contracts) တွေက အသုံးအများဆုံး spot trade အမျိုးအစားတွေဖြစ်ပြီး အများအားဖြင့် ဒီစာချုပ်တွေက လုပ်ငန်းလုပ်ရက် နှစ်ရက်အတွင်း ငွေကြေးလက်ဝယ်ရရှိဖို့ (ဥပမာ ဒီနေ့ ဒေါ်လာနဲ့ ယူရိုကို Spot အရောင်းအဝယ်လုပ်လိုက်ပြီဆိုရင် နောက် နှစ်ရက်အတွင်း ကိုယ်ဝယ်ထားတဲ့ ယူရိုငွေက ကိုယ့်လက်ထဲ ရောက်လာမယ်လို့ ဆိုလိုတာပါ) သတ်မှတ်ထားသလို တခြား ငွေကြေးဆိုင်ရာ instrument အများစုကတော့ နောက်တစ်ရက် လုပ်ငန်းချိန်အတွင်းမှာ ပြီးစီးလေ့ရှိကြပါတယ်။ အဆိုပါ Spot Foreign Exchange Market က ကမ္ဘာတစ်ဝန်းမှာ Electronic စနစ်နဲ့ အလုပ်လုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံးဈေးကွက်တစ်ခုဖြစ်သလို တစ်ရက်ကို အမေရိကန်ဒေါ်လာ 7.55 Trillion ကျော်အထိ အရောင်းအဝယ်ဖြစ်နေတဲ့အတွက် ဒီပမာဏက တခြားအတိုးနှုန်းနဲ့ ကုန်ပစ္စည်းဈေးကွက်တွေထက်တောင် အများကြီးပိုကြီးနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဒါ့အပြင် Financial Instrument (ငွေကြေးတန်ဖိုးရှိတဲ့စာချုပ်စာတမ်း) ရဲ့ လက်ရှိစျေးနှုန်းကိုတော့ Spot Price လို့ခေါ် ပြီး ဒါက Instrument တစ်ခုကို ချက်ချင်းဝယ်ယူ ရောင်းချနိုင်တဲ့ စျေးနှုန်းတစ်ခုဖြစ်တဲ့အတွက် ဝယ်သူရောင်းသူတွေအနေနဲ့ သူတို့ရဲ့ဝယ်လိုအားနဲ့ ရောင်းလိုအားတွေကို တင်ထားခြင်းအားဖြင့် spot price ကို ဖန်တီးနိုင်မယ့်အပြင် ငွေလည်ပတ်မှုအားကောင်းတဲ့ ဈေးကွက်တွေမှာဆိုရင် လက်ကျန် orders တွေပြည့်ပြီး orders အသစ်တွေဝင်ရောက်လာတာနဲ့အမျှ spot price ဟာ စက္ကန့်တိုင်း ပြောင်းလဲမှုတွေရှိနေမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာ Future နဲ့ Forward စာချုပ်တွေက ချက်ချင်းလက်ငင်းရောင်းဝယ်တဲ့ Spot စာချုပ်တွေနဲ့မတူဘဲ စျေးနှုန်းကွာခြားနေရတာဟာ အတိုးနှုန်းနဲ့ စာချုပ်ရဲ့သက်တမ်းကြာချိန်ကိုအခြေခံတဲ့ ငွေရဲ့တန်ဖိုးကို ထည့်တွက်ထားတာကြောင့်ဆိုတာကိုတော့ သိရှိထားရမှာဖြစ်ပါတယ်။
Crypto Spot Trading ဆိုတာ ဘယ်လိုမျိုးလဲ?
အပေါ်ကရှင်းပြခဲ့တဲ့ Spot Trading သဘောတရားနားလည်ပြီဆိုရင်တော့ Crypto က Spot Trading ဆိုတာကလည်း သာမန် Spot Trading ရဲ့အယူအဆနဲ့ အတူတူပါပဲ။ အဓိက ကွာခြားသွားတာက အရောင်းအဝယ်လုပ်တဲ့ Instrument တွေဟာ ရိုးရိုးငွေကြေး (ဥပမာ ဒေါ်လာ၊ ယူရို) မဟုတ်တော့ဘဲ Bitcoin, Ethereum, Binance Coin အစရှိတဲ့ Cryptocurrencies တွေ ဖြစ်သွားတဲ့အတွက် မိမိအနေနဲ့ လက်ရှိဈေးကွက်ပေါက်စျေးနဲ့ ချက်ချင်း Bitcoin ကို ဝယ်ယူနိုင်သလို မိမိမှာရှိတဲ့ Ethereum ကိုလည်း လက်ရှိစျေးနဲ့ ချက်ချင်း ရောင်းချနိုင်ပါတယ်။
ရိုးရိုး Spot Trading မှာ ငွေကြေးအပြင် ရွှေ၊ ငွေ၊ ရေနံ စတဲ့ ကုန်ပစ္စည်းတွေ (Commodities)၊ အစုရှယ်ယာတွေ (Stocks) နဲ့ ငွေချေးသက်သေခံလက်မှတ် (Bonds) တွေကို အရောင်းအဝယ်လုပ်နိုင်ကာ Crypto ဈေးကွက်တွေထက် ပိုပြီးတည်ငြိမ်လေ့ရှိသလို သက်ဆိုင်ရာအစိုးရတွေနဲ့ ဗဟိုဘဏ်တွေရဲ့ကြီးကြပ်မှုကို ခံယူထားတယ်ဆိုပေမယ့် Crypto Spot Trading ဈေးကွက်ကတော့ ပိုပြီးမတည်ငြိမ်ဖြစ်လေ့ရှိတတ်တဲ့အပြင် စည်းမျဉ်းစည်းကမ်းပိုင်းမှာလည်း နိုင်ငံအလိုက်ကွဲပြားမှုတွေ ရှိနေတတ်ပါတယ်။ နောက်ထပ် အဓိကကွာခြားချက်တစ်ခုကတော့ Crypto ဈေးကွက်က 24 နာရီ တစ်ပတ်လုံး လည်ပတ်နေပေမယ့် သာမန် Spot ဈေးကွက်တွေကတော့ သတ်မှတ်ထားတဲ့ လုပ်ငန်းချိန်အတွင်းမှာပဲ လည်ပတ်ကြတဲ့အတွက် မိမိအနေနဲ့ Crypto Spot Trading လုပ်ချင်တယ်ဆိုရင် Online မှာရှိတဲ့ Binance လို Cryptocurrency Exchange တွေကို အသုံးပြုနိုင်တာကြောင့် သာမန် Spot Trading နဲ့ယှဉ်ရင် လူတိုင်းအတွက်ပိုပြီး လွယ်ကူစွာ လက်လှမ်းမီစေနိုင်ပါတယ်။
Spot Trading ကနေ ဘယ်လို အကျိုးအမြတ်ရနိုင်လဲ?
Crypto Spot Trading က အကျိုးအမြတ်ရနိုင်တဲ့ နည်းလမ်းဟာလည်း သာမန် Spot Trading နဲ့ ဆင်တူပြီး ဈေးတက်မယ်လို့ယူဆရင်ဝယ်ယူကာ ဈေးမြင့်တက်လာတဲ့အခါ ပြန်လည်ရောင်းချခြင်းဖြင့် အမြတ်ရရှိနိုင်သလို ဆန့်ကျင်ဘက်အနေနဲ့ ဈေးကျမယ်လို့ထင်ရင် အရင်ရောင်းချထားပြီး ဈေးနှုန်းပြန်ကျလာတဲ့အခါ ပြန်လည်ဝယ်ယူခြင်းဖြင့်လည်း အမြတ်ရရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း Crypto ဈေးကွက်က သာမန်ငွေကြေးဈေးကွက်တွေထက် ပိုပြီးမတည်ငြိမ်တာဖြစ်တဲ့အတွက် ဈေးနှုန်းတွေအနေနဲ့ အချိန်တိုအတွင်း သိသိသာသာပြောင်းလဲကာ အမြတ်ရရှိနိုင်သလို အရှုံးလည်း မြန်ဆန်စွာဖြစ်ပေါ်နိုင်တာကိုတော့ သတိပြုဖို့လိုအပ်ပါတယ်။
နောက်တစ်နည်းအနေနဲ့ ဈေးနှုန်းအတက်အကျအနည်းငယ်ကို အခွင့်ကောင်းယူကာ မကြာခဏ အရောင်းအဝယ်လုပ်ခြင်းဖြင့်လည်း အမြတ်ရှာနိုင်ပြီး ဒီနည်းလမ်းက တစ်ကြိမ်ကို အမြတ်နည်းနည်းသာရရှိတယ်ဆိုပေမယ့် အရောင်းအဝယ်အများအပြားလုပ်ခြင်းအားဖြင့် စုစုပေါင်းအမြတ်ပမာဏ များလာအောင်လို့ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက ဈေးကွက်ကို အချိန်ပြည့်စောင့်ကြည့်ဖို့လိုအပ်ပြီး အန္တရာယ်လည်းများနိုင်တာဖြစ်တဲ့အတွက် မိမိအနေနဲ့ ဘယ်လိုနည်းလမ်းကိုပဲ ရွေးချယ်သည်ဖြစ်စေ ဈေးကွက်အကြောင်းလေ့လာကာ စွန့်စားနိုင်တဲ့ပမာဏကိုသာစဉ်းစားပြီး သင့်လျော်တဲ့ဗျူဟာကိုသာအသုံးပြုခြင်းအားဖြင့် ရေရှည်မှာ တသမတ်တည်း အမြတ်ရရှိနိုင်တဲ့ Trading Strategy ကို တည်ငြိမ်အောင် တည်ဆောက်ဖို့လိုအပ်မှာပဲဖြစ်ပါတယ်။
Spot Trading နဲ့ Swing Trading ခြားနားချက်
Spot Trading ဆိုတာ အပေါ်မှာပြောခဲ့သလို ငွေကြေးဆိုင်ရာပစ္စည်းတစ်ခုခုကို လက်ရှိဈေးနှုန်းနဲ့ ချက်ချင်းလက်ငင်း ဝယ်ယူရောင်းချတာကိုဆိုလိုတာဖြစ်ပြီး ဒီနေရာမှာ အရောင်းအဝယ်ကို နေ့ချင်းပြီးအောင်လုပ်တာမျိုး ဒါမှမဟုတ် ရက်ပိုင်းအတွင်း အပြီးသတ်တာမျိုးကို အဓိကထားတာဖြစ်တဲ့အတွက် ဈေးနှုန်းအတက်အကျ မြန်ဆန်တဲ့အပေါ်မူတည်ပြီး အမြတ်အစွန်းရယူတာဖြစ်ပါတယ်။
Swing Trading ကတော့ Spot Trading နဲ့မတူညီပဲ Swing Trading မှာ Traders တွေက ဈေးနှုန်းရဲ့လှုပ်ရှားမှု "swing" တစ်ခုကိုဖမ်းပြီး အမြတ်ရယူဖို့ ကြိုးစားကြတဲ့အတွက် ဈေးနှုန်း တက်လိုက်ကျလိုက်နဲ့ လှုပ်ရှားနေတဲ့အခါမျိုးမှာ တက်မယ့်အရှိန်ရလာပြီဆိုရင်ဝယ်ယူပြီး ဈေးအမြင့်ဆုံးကိုရောက်ခါနီးမှ ပြန်ရောင်းချတာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် ဈေးနှုန်းကျမယ့်အရှိန်ရလာပြီဆိုရင်ရောင်းချပြီး ဈေးအနိမ့်ဆုံးကိုရောက်ခါနီးမှ ပြန်ဝယ်ယူတာမျိုးဖြစ်ဖြစ် လုပ်ဆောင်ကြပါတယ်။ Swing Trading ရဲ့ အဓိကကွာခြားချက်ကတော့ အရောင်းအဝယ်တစ်ခုကို ရက်ပေါင်းများစွာ ဒါမှမဟုတ် ရက်သတ္တပတ်အနည်းငယ်အထိ ကိုင်ထားနိုင်ပြီး ရေတို ဈေးနှုန်းအပြောင်းအလဲထက် ဈေးနှုန်းရဲ့ အကြီးစားလှုပ်ရှားမှုကို အဓိကပစ်မှတ်ထားတာဖြစ်တာကြောင့် Traders တွေအနေနဲ့ နေ့စဉ်ဈေးကွက်ကို အချိန်ပြည့်စောင့်ကြည့်နေစရာမလိုဘဲ အချိန်အတော်ကြာဈေးနှုန်းတက်လာမယ့် (သို့) ကျသွားမယ့်လမ်းကြောင်းကို စောင့်ဆိုင်းပြီးမှ အရောင်းအဝယ်လုပ်လေ့ရှိကြတာဖြစ်ပါတယ်။
Spot Market Trading ဥပမာတစ်ခု
Spot Market Trading ရဲ့ အလွယ်ဆုံးဥပမာတစ်ခုပေးရမယ်ဆိုရင် သင်ဟာ ယူရိုငွေစျေးတက်လာမယ်လို့ ယူဆတဲ့အတွက် လက်ရှိ 1 EUR = 1.08 USD နှုန်းနဲ့ ယူရို 100 ကို ဝယ်ယူလိုက်တယ်ဆိုပါစို့။ ဒါဟာ Spot Market မှာ ချက်ချင်းလက်ငင်း ဝယ်ယူလိုက်တာဖြစ်တဲ့အတွက် နောက်ရက်အနည်းငယ်ကြာတဲ့အခါမှာသာ ယူရိုငွေစျေးက 1 EUR = 1.10 USD အထိ တက်လာခဲ့တယ်ဆိုရင် သင်ဟာ သင့်ရဲ့ ယူရို 100 ကို ပြန်လည်ရောင်းချခြင်းဖြင့် အမေရိကန်ဒေါ်လာ 110 ရရှိကာ ဒီအရောင်းအဝယ်ကနေ အမေရိကန်ဒေါ်လာ 2 ဒေါ်လာ အမြတ်ရရှိခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
အလားတူပဲ Cryptocurrency ဈေးကွက်မှာလည်း ဥပမာ Bitcoin စျေးနှုန်းက ဒေါ်လာ 100,000 ဖြစ်နေချိန်မှာ Bitcoin အနည်းငယ်ကို ဝယ်ယူထားလိုက်ပြီး ရက်အနည်းငယ်ကြာတဲ့အခါ Bitcoin စျေးနှုန်း ဒေါ်လာ 102,000 အထိ မြင့်တက်သွားခဲ့တယ်ဆိုရင် သင်ဟာ သင့်ရဲ့ Bitcoin ကို ပြန်လည်ရောင်းချခြင်းဖြင့် အမြတ်ရရှိအောင်လုပ်ဆောင်နိုင်ပါတယ်။ တစ်နည်းဆိုရရင် Spot Market Trading က ချက်ချင်းလက်ငင်း အရောင်းအဝယ်လုပ်ကြတဲ့ Market တစ်ခု ဖြစ်တာနဲ့အညီ မိမိအနေနဲ့ အမြတ်ရယူချင်တယ်ဆိုရင်တော့ဖြင့် ဈေးကွက်ရဲ့အပြောင်းအလဲတွေကို အချိန်နဲ့တပြေးညီ အလျင်အမြန်တုံ့ပြန်နိုင်ဖို့ အရေးကြီးပါတယ်။
အချုပ်ဆိုရရင် ဒီဆောင်းပါးမှာ Spot Trading ရဲ့ အခြေခံသဘောတရား၊ ဘယ်လိုအလုပ်လုပ်တယ်၊ အကျိုးအမြတ် ဘယ်လိုရနိုင်တယ်ဆိုတဲ့ ရှင်းပြချက်တွေအပါအဝင် Spot/Swing Trading ကွာခြားချက်တွေနဲ့ Spot Market Trading ဥပမာတို့ကို ဖော်ပြပေးခဲ့တဲ့အတွက် ဒီအချက်အလက်တွေကိုဖတ်ရှုခြင်းအားဖြင့် Spot Trading ရဲ့ အခြေခံသဘောတရားတွေကိုနားလည်သိရှိပြီး ဒီဈေးကွက်မှာ ပါဝင်ဖို့အတွက် အခြေခံကောင်းတစ်ခုကို ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။