2025 ခုနှစ် ဇူလိုင်လမှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတောင် Cryptocurrency အကြောင်းကို လူတော်တော်များများ စိတ်ဝင်စားလာကြပြီး 'Bitcoin ကြောင့် သူဌေးဖြစ်သွားတယ်' ဆိုတဲ့ သတင်းတွေ၊ 'Memecoin တစ်ခုနဲ့ နေ့ချင်းညချင်းဘဝပြောင်းသွားတယ်' ဆိုတဲ့ စကားသံတွေကို မကြာခဏကြားလာနေရပါတယ်။ ဒီလိုသတင်းတွေကြောင့်ပဲ လူငယ်တွေတော်တော်များများက ဒီလောကထဲကို ခြေစုံပစ်ဝင်လာခဲ့ကြပေမယ့် စနစ်တကျလေ့လာမှုမရှိဘဲ စိတ်ခံစားချက်အတိုင်း ရင်းနှီးမြှုပ်နှံမိတာကြောင့် အရှုံးနဲ့ရင်ဆိုင်ရတာတွေဟာလည်း အများကြီးပါပဲ။ ဒါကြောင့် ဒီဆောင်းပါးမှာ Crypto လောကထဲကို အခုမှစဝင်လာမယ့်သူတွေအတွက် 'ကျွန်တော်သာ အစောကြီးထဲက ဒါတွေသိခဲ့ရင် အကောင်းသား' လို့ နောင်တမရစေမယ့် မဖြစ်မနေသိထားသင့်တဲ့ အချက် 5 ချက်ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
1. ဘာကြောင့် ရင်းနှီးမြှုပ်နှံချင်တာလဲ ကိုယ့်ကိုယ်ကိုယ်မေးပါ
ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ 'ငါ ဘာကြောင့် Crypto မှာ ရင်းနှီးမြှုပ်နှံချင်တာလဲ?' ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားဖြေကြည့်ဖို့ပါပဲ။ Crypto ဆိုတာက အတက်အကျအလွန်ကြမ်းတမ်းပြီး အန္တရာယ်များတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့အတွက် မိမိအနေနဲ့ 'လူပြောသူပြောများလို့ Trend နောက်လိုက်ချင်ရုံသက်သက်လား?' ဒါမှမဟုတ် 'တိကျတဲ့ရည်မှန်းချက်တစ်ခုခုရှိလို့လား?' ဆိုတာတွေကို ကိုယ့်ကိုယ်ကိုသေချာအောင် မေးကြည့်ဖို့လိုအပ်တဲ့အပြင် ကိုယ့်ရဲ့စိတ်ဓာတ်ခံနိုင်ရည် ဘယ်လောက်ရှိသလဲဆိုတာနဲ့ ကိုယ်ရင်းနှီးလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုကနေ ဘယ်လိုရလဒ်မျိုးကို မျှော်လင့်ထားလဲဆိုတာကိုပါ ကြိုတင်စဉ်းစားထားသင့်ပါတယ်။ ဒီလို ရှင်းလင်းတဲ့ရည်မှန်းချက်တွေရှိမှသာလျှင် မိမိအတွက် ဈေးကွက်အတက်အကျတိုင်းမှာ စိတ်ခံစားချက်အတိုင်းဆုံးဖြတ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
2. စနစ်တကျလေ့လာပါ၊ White Paper တွေကိုဖတ်ပါ
Crypto မှာ ရင်းနှီးမြှုပ်နှံတော့မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ 'Do Your Own Research (DYOR)' ဆိုတဲ့စကားလုံးကို အမြဲနှလုံးသွင်းထားဖို့လိုအပ်သလို Bitcoin နဲ့ Ethereum လို နာမည်ကြီး Coin တွေအကြောင်းကို လေ့လာရုံသာမကဘဲ၊ သူတို့ရဲ့နောက်ကွယ်က Blockchain နည်းပညာဘယ်လိုအလုပ်လုပ်လဲဆိုတာကိုပါ အကြမ်းဖျင်းနားလည်အောင်လုပ်ထားသင့်ပါတယ်။ နောက်ပြီး Project တစ်ခုကို စိတ်ဝင်စားတယ်ဆိုရင်လည်း သူ့ရဲ့ Website မှာတင်ထားတဲ့ White Paper (အသေးစိတ်စီမံကိန်း) ကို သေချာဖတ်ရှုဖို့လိုအပ်ပြီးတေ့ (White Paper ဆိုတာက အဲဒီ Project ရဲ့ ရည်မှန်းချက်၊ လုပ်ဆောင်ပုံ၊ အနာဂတ်အစီအစဉ်တွေကို အသေးစိတ်ရေးသားထားတဲ့ စာတမ်းဖြစ်ပါတယ်) အကယ်လို့ Project တစ်ခုမှာ White Paper မရှိဘူး၊ ဒါမှမဟုတ် ရေးထားတာတွေက အချက်အလက်မခိုင်လုံဘဲ မဖြစ်နိုင်တာတွေချည်းပဲဆိုရင်တော့ ဒါဟာ သတိထားရမယ့် Red Flag တစ်ခုပါပဲ။
3. သင့်ရဲ့ Private Key တွေကို လုံခြုံအောင်သိမ်းပါ
Crypto လောကမှာ 'Not your keys, not your coins' (သော့မရှိရင် ပိုက်ဆံမပိုင်) ဆိုတဲ့စကားနဲ့အညီ သင့်ရဲ့ Private Key ဆိုတာက ဘဏ်အကောင့်ရဲ့ PIN နံပါတ်လိုပါပဲ။ ဒီသော့ကို မိမိတစ်ယောက်တည်းသာလျှင် သိမ်းဆည်းထားရမှာဖြစ်ပြီး တခြားသူတစ်ယောက်ယောက်သိသွားခဲ့ရင် ဒါမှမဟုတ် မိမိကိုယ်တိုင် ပျောက်ဆုံးသွားခဲ့ရင် ကိုယ့်ရဲ့ ပိုက်ဆံတွေအားလုံးကို ထာဝရဆုံးရှုံးသွားရမှာဖြစ်တာကြောင့် ဒါဟာ သေချာလေးသတိထားဖို့ လိုအပ်တဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ပမာဏများတဲ့ Crypto တွေကို Exchanges တွေပေါ်မှာ အကြာကြီးထားတာမျိုးကို ရှောင်ကြဉ်ရမှာဖြစ်သလို Exchanges တွေက မိမိရဲ့ Key တွေကို ထိန်းချုပ်ထားတာဖြစ်လို့ Exchanges တွေသာ ပျက်စီးသွားခဲ့ရင် ဒါမှမဟုတ် Hack ခံခဲ့ရရင် မိမိရဲ့ပိုင်ဆိုင်မှုတွေပါ တစ်ပါတည်းဆုံးရှုံးသွားနိုင်ပါတယ်။
4. Wallet အမျိုးအစားတွေကို နားလည်ပါ (Hot Wallet vs Cold Wallet)
မိမိအနေနဲ့ မိမိရဲ့ Crypto တွေကို လုံခြုံအောင်သိမ်းဆည်းဖို့အတွက် Wallet အမျိုးအစားနှစ်ခုကိုလည်း ကွဲကွဲပြားပြားသိထားဖို့လိုပါတယ်။
* Hot Wallet: ဒါက အင်တာနက်နဲ့ အမြဲတမ်းချိတ်ဆက်ထားတဲ့ Wallet အမျိုးအစားတစ်ခုဖြစ်ပါတယ် (ဥပမာ - ဖုန်းထဲက Mobile Wallet တွေ၊ Exchange ပေါ်က Wallet တွေ)။ အဆိုပါ Hot Wallet တေွက နေ့စဉ်သုံး ပိုက်ဆံအိတ်လိုမျိုး အရောင်းအဝယ်လုပ်ဖို့နဲ့ ငွေလွှဲဖို့အတွက်ကတော့ အလွန်အဆင်ပြေပေမယ့် လုံခြုံရေးအရမှာတော့ အားနည်းချက်တွေရှိပါတယ်။
* Cold Wallet: ဒါကတော့ အင်တာနက်နဲ့ လုံးဝချိတ်ဆက်မထားတဲ့ Wallet အမျိုးအစားဖြစ်ပါတယ် (ဥပမာ - Ledger, Trezor တို့လို Hardware Wallet တွေ)။ ဒီ Cold Wallet တွေက ဘဏ်ရဲ့ မီးခံသေတ္တာလိုမျိုး အလွန်လုံခြုံပေမယ့် အသုံးပြုရတာတော့ Hot Wallet လောက်မလွယ်ကူလှပါဘူး။
ဒါကြောင့် မိမိအနေနဲ့ ရေရှည်သိမ်းဆည်းထားရမယ့် ပမာဏများတဲ့ Coin တွေကို Cold Wallet ထဲမှာထည့်ထားပြီး အရောင်းအဝယ်လုပ်ဖို့ ဒါမှမဟုတ် သုံးစွဲဖို့လိုအပ်တဲ့ ပမာဏနည်းနည်းကိုပဲ Hot Wallet ထဲမှာ ထားရှိတာကတော့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။
5. ငွေမလွှဲခင် အစမ်းလွှဲကြည့်ပါ (Perform Test Transactions)
Crypto ငွေလွှဲပြောင်းမှုတွေက ဘဏ်စနစ်နဲ့မတူညီတဲ့အတွက် အကယ်၍ မိမိသာလိပ်စာမှားပြီး ငွေလွှဲမိခဲ့ရင် မိမိပိုက်ဆံတွေအနေနဲ့ ထာဝရဆုံးရှုံးသွားရမှာဖြစ်သလို ပြန်ပြင်လို့လည်းမရနိုင်ပါဘူး။ ဒါကြောင့် လိပ်စာအသစ်တစ်ခုကို ငွေပမာဏများများမလွှဲခင်မှာ Test Transaction အနေနဲ့ ပမာဏအနည်းငယ် (ဥပမာ - 1 ဒေါ်လာလောက်) ကို အရင်ဆုံးအစမ်းလွှဲကြည့်သင့်ပါတယ်။ အစမ်းလွှဲလိုက်တဲ့ ပမာဏက ဟိုဘက်လိပ်စာကို မှန်မှန်ကန်ကန်ရောက်သွားပြီဆိုတာ သေချာမှသာလျှင် မိမိလွှဲချင်တဲ့ ငွေပမာဏအများကြီးကို နောက်တစ်ကြိမ်ထပ်လွှဲသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မိမိအနေနဲ့လည်း အခန့်မသင့်လို့ဖြစ်လာနိုင်တဲ့ ဆုံးရှုံးမှုကြီးကြီးမားမားတွေကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်သလို မှားလွှဲမိလိုက်လို့ သောကရောက်ရမယ့် အဖြစ်ကနေလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ Crypto လောကဆိုတာက ငွေမြန်မြန်ရှာနိုင်တဲ့ နေရာတစ်ခုဖြစ်နိုင်သလို၊ ငွေမြန်မြန်ကုန်သွားနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်နိုင်တာကြောင့် ဒီလောကထဲကို ဝင်ရောက်မယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ အချက်တွေကို သေချာနားလည်ပြီး စနစ်တကျပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ဒါ့အပြင် မိမိကိုယ်တိုင် သေချာလေ့လာပြီး ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်ပြီးသွားခဲ့မယ္ဆိုရင်တောင် ချက်ချင်းအမြတ်ရနိုင်ဖို့ မျှော်လင့်မထားသင့်သလို Crypto ဈေးကွက်က အလွန်လျင်မြန်ပြီး အတက်အကျကြမ်းတမ်းတယ်ဆိုတာကိုလည်း အမြဲသတိရဖို့လိုအပ်ပါတယ်။
ဈေးနည်းနည်းလေးကျတာနဲ့ စိတ်ပူပြီးအရှုံးခံရောင်းတာ (Panic Sell)၊ ဈေးအရမ်းတက်နေတဲ့အချိန်မှ လောဘတကြီးဝင်ဝယ်တာ (FOMO Buy) မျိုးတွေကို ရှောင်ကြဉ်ရမှာဖြစ်ပြီးတော့ မိမိလေ့လာထားတဲ့ Project အပေါ်မှာ ယုံကြည်မှုရှိရှိ၊ စိတ်ရှည်ရှည်နဲ့ ရေရှည်ကိုကြည့်ပြီး ရင်းနှီးမြှုပ်နှံတတ်ဖို့က အရေးအကြီးဆုံးပါပဲ။ နောက်ပြီး မိမိရဲ့ အောင်မြင်မှုက ကံတရားပေါ်မှာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ရဲ့ စနစ်တကျလေ့လာမှု၊ စည်းကမ်းလိုက်နာမှုနဲ့ ရှင်းလင်းတဲ့ မဟာဗျူဟာအပေါ်မှာသာ မူတည်နေတယ်ဆိုတာကို အမြဲသတိရပြီး အပေါ်ကပြောခဲ့တဲ့ နောင်တမရစေမယ့်အချက်တွေကို လိုက်နာနိုင်မယ်ဆိုရင်တော့ မိမိအနေနဲ့ ဒီလိုအလှုပ်အခတ် အတက်အကျများတဲ့ Crypto လောကမှာ အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်လာနိုင်မှာကတော့ အသေအချာပဲဖြစ်ပါတယ်။