Cryptocurrency ဈေးကွက်ဟာဆိုရင်တော့ဖြင့် မကြာသေးမီက အမြင့်ဆုံးဈေးနှုန်းတွေရောက်ရှိပြီးတဲ့နောက် အခုအခါမှာတော့ ဈေးနှုန်းတွေပြန်လည်ကျဆင်းနေတဲ့ 'Pullback' အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုအချိန်မျိုးမှာ ရင်းနှီးမြှုပ်နှံသူတွေအားလုံးရဲ့စိတ်ထဲ ပေါ်လာတတ်တဲ့ မေးခွန်းတစ်ခုကတော့ 'ဒီအချိန်က ဈေးကျတုန်းဝင်ဝယ်ဖို့ အခွင့်အရေးကောင်းတစ်ခုလား ဒါမှမဟုတ် အန္တရာယ်များနေလို့ သတိထားပြီးစောင့်ကြည့်သင့်ပြီလား?' ဆိုတာပါပဲ။
ဒါကြောင့် အခုလိုမသေချာမရေရာတဲ့အချိန်တွေမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့အတွက် 'Pullback Trading' လို့ခေါ်တဲ့ စည်းကမ်းကျနတဲ့ နည်းဗျူဟာတစ်ခုကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ တကယ့် Pullback အစစ်အမှန်ကို ဘယ်လိုအချက်ပြမီးတွေနဲ့ ဖော်ထုတ်မလဲ?၊ ဘယ်လို Trading နည်းဗျူဟာတွေသုံးပြီး ဝင်ရောက်သင့်သလဲ?၊ ပြီးတော့ ကိုယ့်ရဲ့ရင်းနှီးငွေတွေမဆုံးရှုံးရလေအောင် ဘယ်လိုစီမံခန့်ခွဲမှုတွေလုပ်သင့်သလဲဆိုတာကို အသေးစိတ်လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။
Pullback ဆိုတာဘာလဲ?
ပထမဆုံးအနေနဲ့ Pullback ရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းနားလည်ဖို့လိုပါတယ်။ Pullback ဆိုတာက အတက်လမ်းကြောင်း (Uptrend) မှာရှိနေတဲ့ ဈေးကွက်တစ်ခုအတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ ယာယီစျေးနှုန်းကျဆင်းမှုတစ်ခုဖြစ်တဲ့အတွက် ဒါဟာ ဈေးကွက်အနေနဲ့ အပေါ်ကိုမတက်ခင်မှာ ဆက်တက်ဖို့ အားယူနေတဲ့ အနားယူချိန် ဒါမှမဟုတ် အသက်ရှူချိန်တစ်ခုနဲ့တူပါတယ်။ ဒါပေမယ့် ဒါက ဈေးကွက်ရဲ့လမ်းကြောင်းတစ်ခုလုံးပြောင်းပြန်ဖြစ်သွားတဲ့ "Trend Reversal" နဲ့ လုံးဝမတူတာကိုတော့ သိထားဖို့လိုအပ်ပါတယ်။
နောက်ပြီး ဒီလို Pullback တွေဖြစ်လာရတဲ့ အဓိကအကြောင်းအရင်းက အစောပိုင်းမှာဝင်ဝယ်ထားတဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သူတို့ရဲ့အမြတ်တွေကို ထုတ်ယူတဲ့အခါ ရောင်းလိုအားခဏတာများသွားပြီး ဈေးနှုန်း ခဏတာကျဆင်းသွားတာဖြစ်တဲ့အတွက် ဒီလိုအချိန်က နောက်ကျကျန်နေခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက်တော့ ဈေးနှုန်းသက်သက်သာသာနဲ့ ဝင်ရောက်ဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်လာစေပါတယ်။
Pullback အစစ်အမှန်ကို ဘယ်လိုဖော်ထုတ်မလဲ?
ဈေးကျတိုင်းဝင်ဝယ်တယ်ဆိုတာက အန္တရာယ်များတာဖြစ်တဲ့အတွက် Pullback အစစ်အမှန် ဟုတ်မဟုတ်ဆိုတာကို အောက်ပါအချက်ပြမီးတွေနဲ့ အရင်ဆုံးစစ်ဆေးဖို့ လိုအပ်ပါတယ် -
1. ပင်မလမ်းကြောင်းကို အရင်ရှာပါ: ပထမဆုံးအနေနဲ့ ဈေးကွက်က အတက်လမ်းကြောင်း (Uptrend) မှာရှိနေသေးတယ်ဆိုတာ သေချာအောင်လုပ်ဖို့လိုပါတယ်။ ဒါကိုသိနိုင်ဖို့အတွက် Chart ကိုကြည့်လိုက်တဲ့အခါမှာ ဈေးနှုန်းတွေအနေနဲ့ ပိုမြင့်တဲ့ အမြင့်မှတ်အသစ်တွေ (Higher Highs) နဲ့ ပိုမြင့်တဲ့ အနိမ့်မှတ်အသစ်တွေ (Higher Lows) ကိုဆက်တိုက်ပြုလုပ်နေရပါမယ်။ ဆိုလိုတာက ဈေးနှုန်းအနေနဲ့ အမြင့်ဆုံးအမှတ်အသစ်တစ်ခုလုပ်ပြီးတိုင်း ပြန်ကျလာတဲ့အခါ အရင်အနိမ့်ဆုံးအမှတ်အထိမရောက်တော့ဘဲ အပေါ်မှာပဲရပ်တန့်ပြီး ဈေးပြန်တက်သွားတဲ့ပုံစံကို ဆိုလိုတာဖြစ်တဲ့အတွက် ဒီပုံစံကိုကြည့်ပြီးတော့ ဝယ်လိုအားက ရောင်းလိုအားထက် အားကောင်းနေဆဲဆိုတာကို သိနိုင်ပါတယ်။
2. အဓိက Support Level တွေကို စောင့်ကြည့်ပါ: အတက်လမ်းကြောင်းတစ်ခုမှာ ဈေးနှုန်းကျဆင်းလာပြီဆိုရင် အရင်ကထောက်ပံ့ပေးခဲ့တဲ့ Support Level တွေ၊ အတက်လမ်းကြောင်းပြ Trendline တွေ၊ ဒါမှမဟုတ် 20-EMA, 50-EMA လို Moving Average တွေအထိပဲ ကျပြီး အဲဒီနေရာတွေမှာ ရပ်တန့်ကာ ဈေးပြန်တက်လေ့ရှိတဲ့အတွက် ဒီနေရာတွေက ဝင်ဝယ်ဖို့ စဉ်းစားရမယ့် အဓိကနေရာတွေပါပဲ။
3. အရောင်းအဝယ်ပမာဏ (Volume) ကိုစစ်ဆေးပါ: ဒါက အလွန်အရေးကြီးတဲ့အချက်ပါ။ Pullback အစစ်အမှန်တစ်ခုဆိုတာက အများအားဖြင့် အရောင်းအဝယ်ပမာဏကျဆင်းမှု (Decreasing Volume) နဲ့အတူ ဖြစ်ပေါ်လေ့ရှိတဲ့အတွက် volume နည်းနေရင် ရောင်းချလိုတဲ့ဖိအားကမကောင်းဘဲ ယာယီပဲဆိုတာကို ပြသပါတယ်။ ဆိုလိုတာကတော့ ဈေးတက်တုန်းက ဝယ်လိုအားအများကြီးနဲ့တက်လာပေမယ့်၊ ဈေးပြန်ကျတဲ့အခါမှာတော့ ရောင်းချင်တဲ့သူသိပ်မရှိဘူးဆို ဒါက အတက်လမ်းကြောင်း အားကောင်းနေဆဲဆိုတာကို ပြသနေတာဖြစ်ပြီး ဆန့်ကျင်ဘက်အနေနဲ့ကတော့ ဈေးကျတဲ့အချိန်မှာ Volume ကပါမြင့်တက်လာရင်တော့ ရောင်းလိုအားအရမ်းကောင်းနေပြီး လမ်းကြောင်းတစ်ခုလုံးပြောင်းပြန်ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
Pullback ကို အတည်ပြုပေးမယ့် မရှိမဖြစ်လိုအပ်တဲ့ Tools များ
Pullback ဖြစ်နိုင်ခြေရှိတဲ့နေရာတွေကို ဖော်ထုတ်ပြီးတဲ့အခါမှာတော့ အောက်ပါ Technical Indicator တွေကိုသုံးပြီး ထပ်မံအတည်ပြုသင့်ပါတယ် -
1. Fibonacci Retracement: ဒီ Tool ကို အတက်လမ်းကြောင်းတစ်ခုရဲ့ အနိမ့်ဆုံးအမှတ် (Swing Low) ကနေ အမြင့်ဆုံးအမှတ် (Swing High) အထိ ဆွဲလိုက်တဲ့အခါ ဈေးနှုန်းတွေပြန်ကျလာရင် ရပ်တန့်နိုင်ခြေအများဆုံးရှိတဲ့ အဓိက Support Level 38.2%, 50%, နဲ့ 61.8 တို့ကို ဖော်ပြပေးတဲ့အတွက် ဒီအဆင့်တွေက ဝယ်ယူဖို့စဉ်းစားရမယ့် အဓိကနေရာတွေပါပဲ။
2. RSI (Relative Strength Index): ပုံမှန်အားဖြင့် RSI က 30 အောက် (Oversold) ရောက်ရင် ဝယ်ဖို့အခွင့်အရေးလို့ သတ်မှတ်ကြပေမယ့် ခိုင်မာတဲ့ Uptrend မှာတော့ ဈေးနှုန်းကျဆင်းလာပေမယ့် RSI က 40-50 အဆင့်မှာပဲရပ်တန့်ပြီး ပြန်ကန်တက်သွားတယ်ဆိုရင် ဒါဟာ အတက်လမ်းကြောင်းက အားကောင်းနေဆဲဖြစ်ကြောင်းပြသတဲ့အတွက် Healthy Pullback တစ်ခုဖြစ်ကြောင်း ညွှန်ပြနေတာဖြစ်ပါတယ်။
Buy the Dip ကို စမတ်ကျကျလုပ်ဆောင်နည်း
Pullback တစ်ခုကို အတည်ပြုပြီးတဲ့နောက်မှာတော့ ဈေးကွက်ထဲကိုဝင်ရောက်ဖို့ နည်းလမ်းနှစ်မျိုးရှိပါတယ် -
1. စိတ်မြန်လက်မြန်ဝင်ရောက်ခြင်း (Aggressive Entry): ဒါကတော့ Fibonacci အဆင့်လိုမျိုး သင်ဖော်ထုတ်ထားတဲ့ Support Level တစ်ခုမှာ Limit Order ကို ကြိုတင်တင်ထားခြင်းဖြစ်ပြီး ဒါက ဈေးနှုန်းအကောင်းဆုံးကို ရနိုင်ပေမယ့် Pullback က ပိုပြီးနက်ရှိုင်းသွားရင်တော့ အန္တရာယ်များနိုင်ပါတယ်။
2. အတည်ပြုချက်စောင့်ပြီး ဝင်ရောက်ခြင်း (Conservative Entry): ဈေးနှုန်းက Support Level ကိုထိပြီးတဲ့နောက် ပြန်တက်လာတဲ့ အစိမ်းရောင် Bullish Candlestick (ဥပမာ- Hammer) တစ်ခုကို စောင့်ပြီးမှ ဝင်ရောက်ခြင်းဖြစ်ပါတယ်။ ဒါက ပိုပြီးစိတ်ချရပေမယ့် ဈေးနှုန်းအနည်းငယ်ပိုပေးရနိုင်ပါတယ်။
အရေးကြီးဆုံးစည်းမျဥ်း - Risk Management
Pullback Trading မှာ အောင်မြင်ဖို့အတွက် အရေးအကြီးဆုံးကတော့ Risk Management ပါပဲ။ ဒါကြောင့် သင်ဝင်ရောက်တဲ့ Trade တိုင်းမှာ အောက်ပါအချက်နှစ်ချက်ကို မဖြစ်မနေလုပ်ဆောင်ရပါမယ်-
1. Stop-Loss သတ်မှတ်ပါ: Pullback ရဲ့ အနိမ့်ဆုံးအမှတ်အောက်နားမှာ Stop-Loss Order ကို အမြဲတမ်းကြိုတင်တင်ထားပါ။ အကယ်၍ ဈေးနှုန်းက ဒီအဆင့်အောက်ကို ကျော်လွန်သွားရင် သင့်ရဲ့သုံးသပ်ချက်မှားယွင်းသွားပြီဖြစ်လို့ အရှုံးနည်းတုန်းမှာ အလိုအလျောက်ရောင်းထွက်သွားမှာဖြစ်ပါတယ်။
2. Profit Target သတ်မှတ်ပါ: ဈေးနှုန်းဘယ်လောက်ရောက်ရင် အမြတ်ထုတ်မယ်ဆိုတာကို ကြိုတင်ဆုံးဖြတ်ထားပါ။ အများစုကတော့ Pullback မဖြစ်ခင်ကရှိခဲ့တဲ့ အမြင့်ဆုံးအမှတ်ကို ပစ်မှတ်ထားလေ့ရှိကြပါတယ်။
ရှောင်ရှားသင့်သော အဖြစ်များတဲ့အမှားများ
Pullback Trading မှာ ရင်းနှီးမြှုပ်နှံသူတွေ အဖြစ်အများဆုံးအမှားတွေကတော့-
1. စောလွန်းစွာ ဝင်ရောက်ခြင်း: Pullback ပြီးဆုံးပြီလို့ အတည်မပြုနိုင်သေးခင်မှာ စိတ်စောပြီးဝင်ဝယ်လိုက်တာက အဖြစ်များဆုံးအမှားပါပဲ။
2. Overall market ကို လျစ်လျူရှုခြင်း: ကိုယ်ကြည့်နေတဲ့ Chart မှာ Pullback ပုံစံလှလှလေးပေါ်နေပေမယ့် ကမ္ဘာ့စီးပွားရေးသတင်းတွေ ဒါမှမဟုတ် အမေရိကန် Federal Reserve က အတိုးနှုန်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်အပြောင်းအလဲတွေလုပ်လိုက်ရင်တော့ စောနက Pullback လှလှလေးကနေ မလှမပ အခြေအနေတစ်ခုဖြစ်သွားနိုင်ပါတယ်။
3. Pullback နဲ့ Consolidation ကို မှားယွင်းခြင်း: Pullback က ယာယီဈေးကျခြင်းဖြစ်ပြီး Consolidation ကတော့ လမ်းကြောင်းအတိအကျမရှိဘဲ ဘေးတိုက်သွားနေခြင်းဖြစ်တဲ့အတွက် ဘေးတိုက်သွားနေတဲ့ ဈေးကွက်တွေကို Pullback လို့ထင်ပြီး မဝင်ရောက်မိဖို့ အရေးကြီးပါတယ်။
နိဂုံးချုပ်- အခုအချိန် ဝယ်သင့်လား၊ စောင့်သင့်လား?
အဆုံးသတ်အနေနဲ့ ဆောင်းပါးရဲ့မေးခွန်းဖြစ်တဲ့ 'Buy the Dip or Stay Cautious?' ဆိုတာကိုဖြေရရင် အဖြေကတော့ နှစ်ခုလုံးကို ပေါင်းစပ်လုပ်ဆောင်ပါလို့ပြောချင်ပါတယ်။ Pullback ဖြစ်နေတဲ့အချိန် Buy the Dip လုပ်သင့်တယ်ဆိုပေမဲ့ တွေ့ကရာဈေးကျတိုင်းမျက်စိမှိတ်ဝင်ဝယ်တာမျိုးမဟုတ်ဘဲ စည်းကမ်းရှိပြီး သတိထားတဲ့နည်းဗျူဟာနဲ့ ဝင်ရောက်ဖို့လိုအပ်သလို တစ်ချိန်တည်းမှာပဲ Stay Cautious ဖြစ်သင့်ပါတယ်။ Pullback Trading ဆိုတာက အနာဂတ်မှာ ဈေးနှုန်းဘယ်ကိုရောက်မယ်လို့ 100% တိတိကျကျ ကြိုတင်ဟောကိန်းထုတ်တာမျိုးမဟုတ်ဘဲ ဈေးကွက်ရဲ့လှုပ်ရှားမှုကို စနစ်ကျတဲ့ Plan တစ်ခုနဲ့တုံ့ပြန်တာဖြစ်တဲ့အတွက် မိမိအနေနဲ့ အောင်မြင်တဲ့ Trader တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဈေးနှုန်းနောက်ကိုလိုက်နေတာထက် ကိုယ့်ဆီကို အခွင့်အရေးရောက်လာတဲ့အထိ စောင့်ဆိုင်းနိုင်ခြင်းကသာ ရေရှည်မှာပိုပြီးအကျိုးအမြတ်ဖြစ်ထွန်းစေမှာဖြစ်ကြောင်း အကြံပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်။