သမိုင်းကိုပြန်ကြည့်ရမယ်ဆိုရင် ဈေးကွက်တွေမတည်ငြိမ်တဲ့အခါတိုင်း ရွှေဟာအားကိုးရတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်လူသိများခဲ့သလို နည်းပညာတွေတိုးတက်လာတဲ့နောက်ပိုင်းမှာ Bitcoin ဟာလည်း ခေတ်မီတဲ့အခြားရွေးချယ်စရာတစ်ခုအနေနဲ့ နေရာရလာလျက်ရှိနေပါတယ်。
Bitcoin နဲ့ ရွှေနှစ်ခုစလုံးက တန်ဖိုးကိုထိန်းသိမ်းဖို့ရည်ရွယ်တာချင်းတူပေမယ့် ဒီပိုင်ဆိုင်မှုနှစ်ခုကိုနှိုင်းယှဥ်တဲ့နေရာမှာ အဓိကသိထားရမှာက Bitcoin ဟာ မတည်ငြိမ်မှုများပြီး အကျိုးအမြတ်များနိုင်တဲ့ Digital Assets တစ်ခုဖြစ်တဲ့အလျောက် စီးပွားရေးအခြေအနေ၊ ငွေလည်ပတ်မှုနဲ့ အကန့်အသတ်ရှိတဲ့ supply တွေကြောင့်ဈေးအတက်အကျကြမ်းနိုင်ပြီး ရွှေကတော့ မတည်ငြိမ်မှုနည်းကာ physical commodity အရ တန်ဖိုးထိန်းသိမ်းတဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်တာနဲ့အညီ ငွေကြေးဖောင်းပွမှု ဒါမှမဟုတ် နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်လာတဲ့အခြေအနေမျိုးတွေမှာ အများရဲ့ယုံကြည်အားထားမှုကိုခံရလေ့ရှိပါတယ်。
Bitcoin ဆိုတာက ဗဟိုချုပ်ကိုင်မှုမရှိတဲ့ Digital Assets တစ်ခုဖြစ်ပြီးတော့ blockchain နည်းပညာပေါ်မှာအခြေခံထားတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေနဲ့ အစိုးရတွေက အာမခံထားတာမျိုးမရှိပါဘူး။ ဒါကြောင့်သူ့ရဲ့တန်ဖိုးက ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှု၊ ကွန်ရက်ကိုအသုံးပြုမှုနဲ့ အကန့်အသတ်ရှိတဲ့ supply တွေအပေါ်မှာမူတည်နေတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဝင်ငွေရဖို့ဆိုရင်တော့ ဈေးတက်လာမှသာ အကျိုးအမြတ်ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် ရွှေကတော့ သမိုင်းနှစ်ထောင်ပေါင်းများစွာကတည်းက ငွေကြေးနဲ့လက်ဝတ်ရတနာအဖြစ်အသုံးပြုခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတစ်ခုဖြစ်တဲ့အတွက် Liability မရှိသလို လူအများကလည်း store of value အဖြစ်ရှုမြင်ကြတာကြောင့် ရွှေရဲ့တန်ဖိုးကို သူ့ရဲ့ထိတွေ့ကိုင်တွယ်နိုင်တဲ့သဘာဝနဲ့ ဂုဏ်သတ္တိတွေကအာမခံပေးထားပါတယ်။ ဗဟိုဘဏ်တွေအနေနဲ့လည်း များသောအားဖြင့် ရွှေကို reserve asset အဖြစ်သိမ်းဆည်းထားတတ်ကြသလို မကြာသေးခင်နှစ်တွေမှာဆိုရင် လူတွေက အမေရိကန်ဒေါလာကို အားမထားချင်ကြတဲ့အတွက် ရွှေကိုအများအပြားဝယ်ယူခဲ့တာတွေလည်းရှိခဲ့ဖူးပါတယ်။ Bitcoin နဲ့မတူတာက ရွှေမှာ လက်တွေ့အသုံးပြုနိုင်တဲ့အရာတွေ (လက်ဝတ်ရတနာတွေ၊ electronic ပစ္စည်းတွေ) ရှိပေမယ့် စက်မှုလုပ်ငန်းသုံးထက် ရင်းနှီးမြှုပ်နှံမှုနဲ့ ကြွယ်ဝမှုကိုသိုလှောင်တဲ့နေရာမှာအသုံးပြုတာကပိုပြီးများပါတယ်။
2024 နဲ့ 2025 ခုနှစ်အစောပိုင်းမှာတော့ Bitcoin နဲ့ ရွှေ နှစ်ခုစလုံး ဈေးနှုန်းအပြောင်းအလဲကြီးတွေနဲ့ကြုံတွေ့ခဲ့ရပြီး Bitcoin ဆိုရင် ဒေါ်လာ 100,000 ကျော်အထိ ဈေးတွေတက်သွားခဲ့ပါတယ်။ ဒီလိုဈေးတက်လာမှုရဲ့ အဓိကအကြောင်းအရင်းတွေက ငွေလည်ပတ်မှုအခြေအနေတွေတိုးတက်လာတာ၊ အဖွဲ့အစည်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာတာနဲ့ အမေရိကန်မှာ Spot Bitcoin ETFs တွေကို အတည်ပြုလိုက်တာတွေကြောင့်ဖြစ်ပြီး ဈေးကွက်က Bitcoin ကို high-growth asset တစ်ခုအဖြစ်ရော၊ ငွေကြေးမတည်ငြိမ်မှုကိုကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုအဖြစ်ပါရှုမြင်ခဲ့ကြတဲ့အတွက် Bitcoin ဈေးတက်ခဲ့တာဖြစ်ပါတယ်။
Bitcoin ဈေးမတက်ခင် 2025 ခုနှစ် အစောပိုင်းကာလမှာတော့ Bitcoin ဈေးနှုန်းအနေနဲ့ ဒေါ်လာ 88,000 နီးပါးအထိ မြင့်တက်ခဲ့ပေမယ့် အမေရိကန်သမ္မတ Donald Trump ရဲ့ ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်အခွန်စည်းကြပ်မှုကြေညာချက်ကြောင့် 24 နာရီအတွင်း ဒေါ်လာ 81,000 ဝန်းကျင်အထိပြန်လည်ရောက်ရှိသွားခဲ့တဲ့အတွက် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်တွေမှာ ထိတ်လန့်မှုတွေဖြစ်ခဲ့ပြီး ရှယ်ယာဈေးကွက်တွေလည်းကျဆင်းခဲ့ရပါတယ်။ အစပိုင်းမှာ crypto ဈေးကွက်တွေက Stock ဈေးကွက်တွေနဲ့အတူအပြိုင်ဈေးကျခဲ့တယ်ဆိုပေမယ့် စျေးကျပြီးသိပ်မကြာခင်ရက်ပိုင်းအတွင်းမှာပဲ Bitcoin ဈေးနှုန်းဟာ ဒေါ်လာ 81,000 အထက်မှာတည်ငြိမ်သွားခဲ့တဲ့အပြင် အနည်းငယ်မြင့်တက်ခဲ့တာကိုတောင်တွေ့ရတဲ့အတွက် crypto ဈေးကွက်ဟာ အခြားဈေးကွက်တွေနဲ့မတူတော့ဘူးဆိုတဲ့ ဆွေးနွေးမှုတွေကို စတင်စေခဲ့ပါတယ်။
လေ့လာသုံးသပ်သူတွေအဆိုအရ Bitcoin ETFs အချို့ဆီကို ငွေတွေပြန်ဝင်လာတာအပါအဝင် cold wallet တွေထဲ ငွေတွေပိုမိုစုဆောင်းလာတာတွေကြောင့် Bitcoin ဟာ အန္တရာယ်များတဲ့ Asset တစ်ခုလိုပြုမူနေတာကနေ စီးပွားရေးကျဆင်းမှုတွေကနေကာကွယ်ပေးမယ့် Assert တစ်ခုရဲ့ လက္ခဏာတွေကို စတင်ပြသလာနေပြီဆိုပြီး လူအများကပြောဆိုလာခဲ့ကြပါတယ်။ ဒါဟာ Bitcoin ကို အခြားသော Assets တွေနဲ့လုံးဝကွဲပြားသွားပြီလို့ ဆိုလိုတာမဟုတ်ပေမယ့် ဒီလမ်းကြောင်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် Bitcoin အနေနဲ့ ရှယ်ယာဈေးကွက်ကျဆင်းနေတဲ့အချိန်မှာတောင်မှ ရင်းနှီးမြှုပ်နှံသူတွေအတွက် ရွေးချယ်စရာ Asset တစ်ခုဖြစ်လာနိုင်ပြီး အကယ်၍ ဒီလမ်းကြောင်းသာ တည်တံ့သွားမယ်ဆိုရင် Bitcoin ဟာ ရှယ်ယာဈေးကွက်ရဲ့ အတက်အကျကိုအခြေခံတဲ့ Asset တစ်ခုမဟုတ်တော့ဘဲ သီးခြားရပ်တည်နိုင်တဲ့ Asset တစ်ခုအဖြစ် နေရာတစ်ခုရရှိသွားနိုင်မှာဖြစ်ပါတယ်။
လက်ရှိအထိတော့ Bitcoin က မတည်ငြိမ်မှုတွေရှိနေပေမယ့် သူ့ရဲ့supply အကန့်အသတ်ရှိတာတွေ၊ 24 နာရီပတ်လုံးအရောင်းအဝယ်ပြုလုပ်နိုင်တာတွေ၊ အချုပ်အခြာအာဏာပိုင်ငွေကြေးစနစ်တွေနဲ့ မပတ်သက်တဲ့သဘောသဘာဝတွေကြောင့် ပုံမှန်ပိုင်ဆိုင်မှုတွေအစား အခြားရွေးချယ်စရာတွေကိုရှာဖွေနေတဲ့ တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူတွေနဲ့ အဖွဲ့အစည်းဆိုင်ရာရင်းနှီးမြှုပ်နှံသူတွေအတွက်တော့ ဆွဲဆောင်မှုတစ်ခုအနေနဲ့တည်ရှိနေပါတယ်။
တစ်ဖက်မှာလည်း ရွှေရဲ့ဈေးနှုန်းက 2025 မတ်လမှာတင် ဒေါ်လာ 3,000 ကျော်အထိ ပထမဆုံးအကြိမ် သမိုင်းဝင်စံချိန်တင်မြင့်တက်ခဲ့တာကိုကြည့်ခြင်းအားဖြင့် စိုးရိမ်မှုတွေနဲ့ စီးပွားရေးတင်းမာမှုတွေကြောင့် ရွှေကိုအားကိုးလိုသူတွေများလာတာကိုတွေ့မြင်ရမှာဖြစ်ပြီး မျှော်လင့်ထားတဲ့အတိုင်း အမေရိကန်သမ္မတ Donald Trump ရဲ့ အခွန်စည်းကြပ်မှုကြေညာချက်ကြောင့်ပဲ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲဖြစ်လာမှာကို ကြောက်ရွံ့နေကြတဲ့အတွက် ရွှေကိုအကာအကွယ်ပစ္စည်းတစ်ခုအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကပိုမိုဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။ နောက်ပြီး ဒီသတင်းကြောင့်ပဲ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းခဲ့ရတဲ့အတွက် ရွှေဈေးတက်ဖို့ နောက်ထပ်အားတစ်ခုဖြစ်လာစေခဲ့သလို ကုန်သွယ်ရေးကန့်သတ်ချက်ကြောင့် ငွေကြေးဖောင်းပွမှုကိုမြင့်တက်စေမယ်ဆိုတဲ့ စိုးရိမ်မှုတွေကလည်း ရွှေဈေးတက်ဖို့ ပိုမိုအားဖြည့်ပေးနိုင်ခဲ့ပါတယ်။
2025 ခုနှစ် ဧပြီလနောက်ပိုင်းမှာ ရွှေဈေးခဏတာ ပြန်လည်ကျဆင်းသွားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဒေါ်လာ 3,300 ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတာကိုကြည့်ချင်းအားဖြင့် ရွှေအနေနဲ့ ရေတိုဈေးတက်နှုန်းနှေးသွားလည်း ရေရှည်အခြေခံအချက်တွေကတော့ အားကောင်းနေဆဲဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး ဗဟိုဘဏ်တွေအနေနဲ့လည်း 2025 ခုနှစ်တစ်လျှောက်လုံး ရွှေတွေကို အရန်ငွေအဖြစ် ဆက်လက်ဝယ်ယူဖို့မျှော်လင့်ထားကြပြီးတော့ အထူးသဖြင့် အမေရိကန်ဒေါလာကိုအားမထားချင်ကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရွှေဝယ်လိုအားတွေပိုများလေ့ရှိနေတတ်ပါတယ်။ ဈေးကွက်လေ့လာသူတွေအဆိုအရ Federal ဘဏ်ဘက်ကသာ ငွေကြေးမူဝါဒကိုလျှော့ပေးတဲ့လက္ခဏာသာပြခဲ့ရင် ရွှေဈေးအနေနဲ့ ဒီ့ထက်မကတက်သွားနိုင်တယ်လို့ မှတ်ချက်တွေပေးနေကြပြီး အဖွဲ့အစည်းဆိုင်ရာ ETFs တွေမှာလည်း ငွေဝင်လာနေတာကြောင့် ရင်းနှီးမြှုပ်နှံသူအမျိုးအစားပေါင်းစုံရဲ့ ဝယ်လိုအားတွေမြင့်တက်လာနေတာကိုတွေ့ရမှာဖြစ်ပါတယ်။
အခုလို စျေးနှုန်းအပြောင်းအလဲနဲ့ ကြုံတွေ့ခဲ့ကြရပြီးတဲ့နောက် တွေ့ရှိလာရတဲ့တွေ့ရှိချက်တွေအရ Bitcoin ဟာ ရေရှည်မှာအကျိုးအမြတ်အများကြီးရနိုင်တဲ့ အလားအလာရှိတဲ့ Asset တစ်ခုဖြစ်တဲ့အတွက် ကမ္ဘာ့ဘဏ္ဍာရေးစနစ်ထဲကို ပိုမိုရောက်ရှိလာနေပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေရဲ့ရင်းနှီးမြှုပ်နှံမှုစာရင်းထဲမှာလည်း ပါဝင်လာနိုင်နေပြီဖြစ်တဲ့အပြင် Lightning Network လို second-layer solutions တွေက လုပ်ဆောင်မှုတွေကိုပိုမိုမြန်ဆန်စေနိုင်ပြီး BTC ETFs လို စည်းမျဉ်းနဲ့အညီထိန်းချုပ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုနည်းလမ်းတွေကြောင့်လည်း ဝယ်ယူရောင်းချရာမှာပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။ နောက်ပြီး ငွေကြေးတန်ဖိုးကျဆင်းတဲ့အခြေအနေတွေမှာတောင် Bitcoin က Digital ရွှေအဖြစ် ပိုပြီးအရေးပါလာနိုင်တဲ့အတွက် ငွေကြေးမတည်ငြိမ်တဲ့ နိုင်ငံတွေအတွက် အသုံးဝင်တဲ့ Asset တစ်ခုဖြစ်လာနိုင်တဲ့အပြင် ရေရှည်မှာ Bitcoin အနေနဲ့ ရွှေရဲ့ဈေးကွက်တန်ဖိုးကိုယှဉ်လာနိုင်သည်ဖြစ်စေ ဒါမှမဟုတ် နိုင်ငံအများအပြားက Bitcoin ကို reserve asset အဖြစ် ပိုပြီးလက်ခံလာသည်ဖြစ်စေ Bitcoin ဈေးနှုန်းက အခုထက်အဆပေါင်းများစွာပိုပြီးမြင့်တက်သွားနိုင်ချေရှိနေတာဖြစ်ပါတယ်。
ဒါပေမယ့်လည်း လက်ရှိအချိန်အထိတော့ Bitcoin ဟာ ရင်းနှီးမြှုပ်နှံမှုစာရင်းထဲမှာ အန္တရာယ်အများဆုံး Asset တစ်ခုအဖြစ် ဆက်လက်တည်ရှိနေတဲ့အပြင် ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေက ရေရှည်မှာစိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေပြီး Bitcoin ရဲ့ စွမ်းအင်သုံးစွဲမှုနဲ့ပတ်သက်လို့လည်း ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရလျက်ရှိနေပါတယ်။ နောက်ပြီး Bitcoin ဈေးကွက်တန်ဖိုးမြင့်တက်လာတာနဲ့အမျှ အရင်ကလိုအဆမတန်များပြားတဲ့အမြတ်အစွန်းတွေ ရရှိဖို့ခက်ခဲလာနိုင်ပြီး မတည်ငြိမ်မှုတွေလျော့နည်းသွားတာက ရေရှည်ကိုင်ထားလိုသူတွေအတွက် သတင်းကောင်းဖြစ်ပေမယ့် အမြတ်အစွန်းရရှိတဲ့နှုန်းကတော့ အတော်လေးလျော့နည်းလာပါလိမ့်မယ်။