အကယ်လို့ သင်သာ ဈေးဝယ်စင်တာတစ်ခုကို ရောက်နေပြီး စင်တာထဲက အဓိကဆိုင်ကြီး (Bitcoin) တစ်ခုရှေ့မှာရပ်နေတဲ့အချိန် အဲဒီဆိုင်ကြီးမှာသာ လူတွေနဲ့စည်ကားနေခဲ့မယ်ဆိုရင် (Bitcoin Dominance မြင့်နေချိန်) အဆိုပါအခြေအနေအရ ဈေးဝယ်စင်တာတစ်ခုလုံးရဲ့ လူစိတ်ဝင်စားမှုကိုခန့်မှန်းနိုင်သလို ဘယ်ဆိုင်က လူကြိုက်များနေလဲဆိုတာကိုပါ သိနိုင်ပါလိမ့်မယ်။ အလားတူ Cryptocurrency လောကထဲ စတင်ခြေချမယ့်သူတွေအပါအဝင် အတွေ့အကြုံရင့်ကျက်တဲ့ရင်းနှီးမြှုပ်နှံသူတွေပါ Cryptocurrency ရင်းနှီးမြှုပ်နှံမှုမှာ အောင်မြင်နိုင်ဖို့ဆိုရင် Bitcoin Dominance အကြောင်းကိုသိထားဖို့ မဖြစ်မနေလိုအပ်သလို ဒီအညွှန်းကိန်းက ဈေးကွက်ရဲ့လားရာကို ခန့်မှန်းနိုင်တဲ့ သော့ချက်တစ်ခုဖြစ်တဲ့အတွက် မိမိရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ လမ်းညွှန်ပေးနိုင်မှာဖြစ်ပါတယ်။

Bitcoin Dominance (BTC.D) ဆိုတာဘာလဲ

Bitcoin Dominance (BTC.D) ဆိုတာ Cryptocurrency ဈေးကွက်တစ်ခုလုံးကို Bitcoin က ဘယ်လောက်ရာခိုင်နှုန်းအထိ လွှမ်းမိုးထားလဲဆိုတာပြသတဲ့ စံနှုန်းတစ်ခုဖြစ်ပြီး ဒီအချိုးကိုတော့ Bitcoin ဈေးကွက်တန်ဖိုးကို Cryptocurrency အားလုံးရဲ့စုစုပေါင်းဈေးကွက်တန်ဖိုးနဲ့ ပိုင်းခြင်းဖြင့်တွက်ချက်ကာ (ဥပမာ Bitcoin ဈေးကွက်တန်ဖိုးက ဒေါ်လာ 600 billion ရှိပြီး စုစုပေါင်း Crypto ဈေးကွက်တန်ဖိုးက ဒေါ်လာ 1.5 Trillion ဖြစ်မယ်ဆိုရင် BTC.D က 40% ဖြစ်ပါလိမ့်မယ်) ရလဒ်ကို ရာခိုင်နှုန်းနဲ့ဖော်ပြတာဖြစ်တဲ့အတွက် အဆိုပါအတိုင်းအတာကို Trader တွေ၊ လေ့လာသုံးသပ်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက Bitcoin နဲ့ ဈေးကွက်တစ်ခုလုံးရဲ့အခြေအနေကိုပြသတဲ့အညွှန်းကိန်းတစ်ခုအဖြစ် စောင့်ကြည့်လေ့ရှိကြပါတယ်။ Bitcoin Dominance မြင့်မားတာက ပုံမှန်အားဖြင့် ဈေးကွက်တည်ငြိမ်တဲ့အချိန်နဲ့ နိုင်ငံရေးအခြေအနေကောင်းတဲ့ကာလတွေမှာ မြင့်တက်လေ့ရှိပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ အခြား Altcoins တွေအပေါ် စိတ်ဝင်စားမှုတိုးလာတာ ဒါမှမဟုတ် Risk ယူပြီး အမြတ်ရယူလိုတဲ့အခြေအနေမျိုးတွေမှာတော့ Bitcoin Dominance ကျဆင်းလေ့ရှိတတ်ပါတယ်။



2025 မေလ အခြေအနေ


2025 ခုနှစ် မေလမှာတော့ Bitcoin Dominance ဟာ 2021 ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လေးနှစ်တာအတွင်းအမြင့်ဆုံးဖြစ်တဲ့ 64% ကျော်အထိမြင့်တက်လာခဲ့တဲ့အတွက် ဒီလိုမြင့်တက်လာတာကိုကြည့်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ Bitcoin ကိုပိုပြီးယုံကြည်ကာ ရင်းနှီးမြှုပ်နှံလာကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ သမိုင်းအရ BTC Dominance မြင့်တက်လာတာဟာ မတည်ငြိမ်တဲ့ Altcoins ထဲကငွေတွေ Bitcoin ဆီ ပြန်လည်ရောက်ရှိလာတာဖြစ်ပြီးတော့ ဈေးကွက်အားမကောင်းဘဲ ကျဆင်းနေတဲ့အချိန်တွေမှာ ရင်းနှီးမြှုပ်နှံသူတွေက အန္တရာယ်နည်းတယ်လို့ထင်တဲ့ Bitcoin မှာသာ ရင်းနှီးမြှုပ်နှံလေ့ရှိတာကြောင့် Altcoins ဈေးတွေတက်လာဖို့ကတော့ လက်ရှိမှာမလွယ်ကူလှသေးပါဘူး။ အထူးသဖြင့် 2022-2023 ခုနှစ်က Terra Luna ပြိုလဲတာ၊ FTX ဒေဝါလီခံရတာ၊ Silvergate နဲ့ Silicon Valley Bank တို့မအောင်မြင်တာ အစရှိတဲ့ ဈေးကွက်အဖြစ်အပျက်အခြေအနေတွေကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတွေက Altcoins တွေကို အရင်ကထက်ပိုပြီး သံသယဝင်လာကြတဲ့အတွက် Bitcoin Dominance မြင့်မားလာရတာဖြစ်သလို Bitcoin ကို အဖွဲ့အစည်းကြီးတွေကပါ လက်ခံလာကြတာကြောင့် Bitcoin ရဲ့အရေးပါမှုဟာ အရင်ကထက်မြင့်တက်လာရတာဖြစ်ပါတယ်။ အကယ်လို့ Bitcoin Dominance သာ ဆက်လက်မြင့်တက်နေမယ်ဆိုရင်တော့ BTC.D အတွက် သမိုင်းဝင် resistance level ဖြစ်တဲ့ 71% အမှတ်ကိုပါ ပစ်မှတ်ထားလာနိုင်မှာဖြစ်ပါတယ်။

အခုလို Bitcoin Dominance မြင့်မားတဲ့ကာလတွေမှာဆိုရင်တော့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မတည်ငြိမ်တဲ့ Altcoins တွေထက် မိမိတို့ရဲ့ Portfolio Strategy ထဲမှာ Bitcoin ကို ပိုပြီး ထည့်သွင်းစဉ်းစားသင့်သလို Bitcoin ကို Digital Gold လို့ တင်စားခေါ်ဝေါ်ကြတဲ့အတွက်လည်း စီးပွားရေးဆိုင်ရာအန္တရာယ်တွေနဲ့ ငွေကြေးဖောင်းပွမှုဖိအားတွေ ဖြစ်ပေါ်လာတဲ့အခြေအနေမျိုးတွေမှာ ကာကွယ်မှုတစ်ခုအဖြစ် စဉ်းစားနိုင်ပါတယ်။ ဒါ့အပြင် Bitcoin ရဲ့အကန့်အသတ်ရှိတဲ့ ထုတ်လုပ်မှုပမာဏနဲ့ အသစ်ထုတ်လုပ်မှုနှုန်းဟာလည်း သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုရောက်တိုင်း တဖြည်းဖြည်းနည်းပါးသွားတဲ့အတွက် သူ့ရဲ့ရှားပါးမှုကြောင့် ရေရှည်မှာတန်ဖိုးမြင့်လာစေနိုင်ပြီးတော့ အဖွဲ့အစည်းဆိုင်ရာယုံကြည်မှုနဲ့ Bitcoin-based ETF တွေမှာ ငွေတွေစီးဝင်လာတာကလည်း Bitcoin ကို တည်ငြိမ်တဲ့ Crypto Assets တစ်ခုအဖြစ် ပိုမိုခိုင်မာလာစေပါတယ်။

ဒီလိုမျိုး Bitcoin မှာကောင်းတဲ့အချက်တွေအများကြီးရှိနေတယ်ဆိုပေမယ့် မလိုလားအပ်တဲ့ဆုံးရှုံးမှုတွေမဖြစ်ရလေအောင်လို့ Bitcoin Dominance မြင့်မားတဲ့ကာလတွေမှာပါ မိမိရဲ့ Portfolio Strategy ထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေကို မျှတစွာခွဲဝေချထားသင့်သလို ခွဲဝေချထားတဲ့နေရာမှာလည်း Altcoins အကုန်လုံးကို မရွေးချယ်ဘဲစုပုံဝယ်ယူတာထက် အရည်အသွေးကောင်းမွန်ပြီး အခြေခံအားကောင်းတဲ့ projects တွေမှာသာ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ ဒါ့အပြင်  Crypto ဈေးကွက်ဟာလည်း ရင့်ကျက်လာပြီဖြစ်တဲ့အလျောက် ရှိရှိသမျှအရာအားလုံးတန်ဖိုးတက်တဲ့ခေတ်လည်း ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် မိမိအနေနဲ့ အမှန်တကယ်အသုံးဝင်ပြီး strong community engagement ရှိတဲ့ Altcoins projects တွေကိုသာ ဦးစားပေးရွေးချယ်တတ်ဖို့လိုအပ်နေပါပြီ။ နောက်ပြီး Stablecoins တွေကလည်း ငွေကြေးကိုထိန်းသိမ်းရုံသာမက DeFi Platform တွေမှာငွေချေးခြင်းဖြင့် ဝင်ငွေရရှိစေနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်ပါ လုပ်ဆောင်လာတာကြောင့် Bitcoin Dominance မြင့်မားပြီး Altcoins စွမ်းဆောင်ရည်မကောင်းတဲ့ကာလတွေမှာ Stablecoins တွေက မိမိရဲ့ငွေကြေးအရင်းအနှီးကို ထိန်းသိမ်းနိုင်မယ့်အပြင် အကျိုးအမြတ်တွေပါ ရရှိလာနေပြီဖြစ်ပါတယ်။

တဆက်တည်းမှာပဲ Bitcoin Dominance များနေတဲ့အချိန် Altcoin ဈေးနှုန်းတွေဟာလည်းအတက်အကျမြန်တဲ့အတွက် မိမိငွေတွေမဆုံးရှုံးရအောင်ကာကွယ်ဖို့ ခိုင်မာတဲ့ risk management strategies တွေလုပ်ထားဖို့အရေးကြီးပြီး ဒီလိုအန္တရာယ်များနေတဲ့အချိန်မျိုးမှာ Altcoin တွေကိုရောင်းဝယ်တဲ့အခါ မိမိအနေနဲ့ Stop-Loss Order ဆိုတဲ့နည်းလမ်းကို အသုံးပြုသင့်ပါတယ်။ Stop-Loss Order ဆိုတာ Altcoin တစ်ခုဝယ်ထားတဲ့အချိန်မှာ ဈေးနှုန်းဘယ်လောက်အထိကျရင် အလိုအလျောက်ရောင်းချပေးဖို့ ကြိုတင်သတ်မှတ်ထားတဲ့ အမိန့်တစ်ခုဖြစ်တဲ့အတွက် မိမိသတ်မှတ်ထားတဲ့အဆင့်အထိ ဈေးနှုန်းကျဆင်းသွားရင်တောင်မှ အလိုအလျောက်ရောင်းချပေးမှာဖြစ်လို့ ဆုံးရှုံးမှုအများကြီးရှိတော့မှာမဟုတ်ပါဘူး။ အခုလို Altcoin မှာ Stop-Loss သတ်မှတ်တာတွေအပြင် Bitcoin Dominance ဇယားကို စဥ်ဆက်မပြတ်စောင့်ကြည့်တာကလည်း ဈေးကွက်အခြေအနေကိုနားလည်ပြီး လက်ရှိဈေးကွက်လားရာနဲ့ ဈေးကွက်ရဲ့အားကောင်းမှုတွေပြောင်းလဲသွားတာကိုသိရှိနိုင်မှာဖြစ်တာကြောင့် ဈေးတက်နေပေမယ့် အားပျော့လာတဲ့လက္ခဏာ (bearish divergence) တွေ၊ အရင်က ဈေးတက်လို့မရခဲ့တဲ့ (resistance level) နားကို ရောက်လာတာတွေ ဒါမှမဟုတ် ဈေးတက်နေတဲ့လမ်းကြောင်းကနေ ဖောက်ထွက်သွားတာတွေဖြစ်လာတဲ့အခါ ဈေးနှုန်းတွေပြောင်းပြန်လှန်သွားနိုင်သလို ရင်းနှီးမြှုပ်နှံမှုတွေကလည်း Bitcoin ကနေ Altcoin တွေဆီပြန်ပြီးရောက်သွားနိုင်တဲ့အတွက် ဒီဇယားကိုပုံမှန်ကြည့်ခြင်းအားဖြင့်လည်း နောက်တစ်ကြိမ် Altcoin ဈေးတက်မယ့် Altseason ကိုပါ ကြိုတင်သိရှိခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ 

Cryptocurrency ဈေးကွက်ဆိုတာက ငွေကြေးစီးဆင်းမှုအစဉ်လိုက်ဖြစ်ပေါ်နေတဲ့စက်ဝန်းအတိုင်း လည်ပတ်လေ့ရှိပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေကလည်း ပုံမှန်အားဖြင့် Bitcoin မှာ စတင်ရင်းနှီးမြှုပ်နှံကြကာ Ethereum တို့လို market cap များတဲ့ Altcoin တွေမှာလည်းကောင်း၊ အဲ့ဒီနောက် market cap အလယ်အလတ်ရှိတဲ့ project တွေမှာလည်းကောင်း၊ နောက်ဆုံးမှာ အန္တရာယ်ပိုယူလိုတဲ့ ဆန္ဒတွေပြင်းထန်လာတဲ့အခါ market cap နည်းတဲ့ Altcoin တွေမှာလည်းကောင်း အဆင့်ဆင့်ရင်းနှီးမြှုပ်နှံလေ့ရှိကြတာကြောင့် Bitcoin တန်ဖိုးတည်ငြိမ်လာတဲ့အခါ ဒါမှမဟုတ် ကြီးထွားမှုနှုန်းနှေးကွေးသွားတဲ့အခါမျိုးတွေမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အခြားသော Assets တွေမှာ ပိုမိုမြင့်မားတဲ့အကျိုးအမြတ်တွေရရှိဖို့ ရှာဖွေတတ်ကြတဲ့အတွက် Altcoin ဈေးကွက်မြင့်တက်လာစေတဲ့ "Domino Effect" တစ်ခုကိုဖြစ်ပေါ်လာစေပါတယ်။ Altcoin Season တစ်ခုဖြစ်ပေါ်လာဖို့ဆိုရင် Altcoin တွေအနေနဲ့ Bitcoin ထက် သတ်မှတ်ကာလတစ်ခု (ပုံမှန်အားဖြင့် ရက် 90) အတွင်း စွမ်းဆောင်ရည်သာလွန်တဲ့အခါမှသာ တရားဝင်အသိအမှတ်ပြုခံရပြီး Bitcoin Dominance 54% အောက်ကိုကျဆင်းသွားတာမျိုးတွေ၊ Bitcoin ဈေးနှုန်းတည်ငြိမ်သွားတာမျိုးတွေ၊ ဈေးကွက်ရဲ့လှုံ့ဆော်မှု မြင့်တက်လာတဲ့အခါမျိုးတွေနဲ့ DeFi သို့မဟုတ် AI တို့လို လမ်းကြောင်းသစ်တွေ ပေါ်ပေါက်လာတဲ့အခါမျိုးမှသာ Altcoin Season စတင်လေ့ရှိတာဖြစ်ပါတယ်။


ဒီလို Bitcoin Dominance စက်ဝန်းနဲ့အညီ ရင်းနှီးမြှုပ်နှံမှုပုံစံတွေကိုပြောင်းလဲတာက ဈေးကွက်မသေချာမရေရာဖြစ်နေတဲ့အချိန် ဒါမှမဟုတ် Bitcoin Dominance အရမ်းများနေတဲ့အချိန်မျိုးမှာ မိမိရဲ့ငွေတွေကိုမဆုံးရှုံးအောင် ကာကွယ်ဖို့နဲ့ Altcoin တွေဈေးပြန်တက်လာနိုင်တဲ့ Altcoin Season အတွက် ကြိုတင်ပြင်ဆင်ထားပြီး အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ဖို့ အခုလိုရင်းနှီးမြှုပ်နှံမှုပုံစံတွေပြောင်းလဲကြတာဖြစ်ပါတယ်။ ဒါ့အပြင် မိမိအနေနဲ့ Altcoin တွေ ဝယ်ယူထားတဲ့အခါမျိုးမှာလည်း‌ ဈေးနှုန်းဘယ်လောက်အထိတက်လာရင် အမြတ်ထုတ်ချင်လဲဆိုတာကိုပါ ကြိုတင်ဆုံးဖြတ်ထားဖို့လိုအပ်ပြီးတော့ အမြတ်ထုတ်ပြီးတဲ့နောက်ပိုင်း ဒါမှမဟုတ် ဈေးကွက်ပြန်ကျလာတဲ့အခါမျိုးမှာ ဈေးကောင်းကောင်းနဲ့ပြန်ဝယ်နိုင်ဖို့အတွက် USDT, USDC လိုမျိုး ဈေးနှုန်းတည်ငြိမ်တဲ့ Stablecoin တွေကိုသိမ်းထားကာ နောက်တစ်ကြိမ်ဈေးတက်လာမယ့် အခွင့်အရေးကိုရယူနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

လာမယ့် Altcoin Season က အရင်လို Altcoin အားလုံး တရစပ်ဈေးတက်မှာမဟုတ်တော့ဘဲ အရည်အသွေးကောင်းမွန်တဲ့ တကယ်အသုံးဝင်တဲ့ projects တွေသာစျေးတက်နိုင်မှာဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ Bitcoin Dominance ကျဆင်းလာတဲ့အခါတိုင်း ဘယ်လို Altcoin မှာမဆို မျက်စိမှိတ်ရင်းနှီးမြှုပ်နှံတာမျိုးမပြုလုပ်သင့်ဘဲ ဘာအတွက်အသုံးပြုနိုင်လဲ (Use Case)၊ ဘယ်လောက်တိုးတက်နေပြီလဲ (Active Development)၊ သူတို့ရဲ့ Token စနစ်က ရေရှည်မှာအဆင်ပြေနိုင်လား (Healthy Tokenomics) စတာတွေကို သေချာကြည့်ပြီးတော့မှသာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့စီးပွားရေးအခြေအနေတွေနဲ့ Cryptocurrency နဲ့ပတ်သက်တဲ့ အစိုးရရဲ့စည်းမျဉ်းစည်းကမ်းတွေဟာလည်း Bitcoin Dominance နဲ့ Altcoin တွေရဲ့ဈေးနှုန်းအပေါ်သက်ရောက်မှုတွေရှိနိုင်‌တာကြောင့် မိမိအနေနဲ့ On-Chain အချက်အလက်တွေအပါအဝင် Bitcoin Dominance ဇယားတွေကိုသာမက ကျယ်ပြန့်သောစီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်တွေကိုပါ အဆက်မပြတ်လေ့လာစောင့်ကြည့်ပြီးတော့ Bitcoin Dominance စက်ဝန်းနဲ့အညီ မိမိရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို စနစ်တကျပြုပြင်ပြောင်းလဲပြီး အမြတ်အစွန်းရရှိအောင်စီမံခန့်ခွဲရမှာပဲဖြစ်ပါတယ်။



Binance Account ဖွင့်ရန်