
2020 ခုနှစ် US သမ္မတရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် 2021 ခုနှစ်မှာ The Captiol လွှတ်တော်အဆောက်အဦးကို ဝင်စီးဖို့ ညွှန်ကြားခဲ့၊ ဒါမှမဟုတ် လှုံ့ဆော်ခဲ့သူဟာ Donald Trump ဖြစ်ကြောင်း အတော်များများက ယုံကြည်ထားကြပါတယ်။
.
ဒီစီးနင်းမှု မတိုင်ခင် သူ့ရဲ့ ပထမ သမ္မတသက်တမ်းမှာလည်း Trump ဟာ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်ခဲ့သူတယောက်အဖြစ် နာမည်ကြီးခဲ့ပါတယ်။ လူချမ်းသာတွေအတွက်သာ အဓိကထားတဲ့ အခွန်လျှော့ချမှုတွေလုပ်ပြီး နာမည်ကောင်းယူဖို့ ကြိုးစားခဲ့တာတွေ၊
Mexico နိုင်ငံကနေ ခိုးဝင်လာသူတွေကို တားဆီးဖို့ နယ်စပ်စည်းရိုးတွေကို $15 billion အထိ အကုန်အကျခံပြီး ကာရံခဲ့ပေမယ့် တကယ်တမ်းမှာတော့ ထိရောက်မှုမရှိဘဲ ကုန်သမျှငွေတွေ သဲထဲရေသွန်ဖြစ်ခဲ့ရတာတွေ၊
မြောက်ကိုရီးယားနဲ့ ဒုံးကျည်တွေကိစ္စပြဿနာတက်ပြီး တတိယကမ္ဘာစစ်ဖြစ်လုဖြစ်ခင်အနေအထား ရောက်ခဲ့တာတွေ၊
Covid ကပ်ရောဂါကို လျှော့တွက်ခဲ့ပြီး ထင်ရာတွေ လျှောက်ပြော၊ လျှောက်လုပ်ခဲ့တာကြောင့် ပြည်သူတွေ မသေသင့်ဘဲ သေဆုံးခဲ့ရတာတွေဟာ Trump အပေါ် ဝေဖန်မှုမြင့်တက်စရာလုပ်ရပ်တွေထဲက အချို့ဖြစ်ခဲ့ပါတယ်။
.
ဒီလိုလူမျိုးက 2024 ခုနှစ် US သမ္မတရွေးကောက်ပွဲမှာ Republican ကိုယ်စားပြု ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ကြေငြာလာခဲ့ချိန်မှာတော့ အတော်များများကို အံ့ဩစေခဲ့ပါတယ်။ ဒီအချိန်မှာ လူတွေ တွေးခဲ့ကြတာကတော့ “ပထမသက်တမ်းမှာ ဒီလောက်မွှေထားတဲ့လူကို ဘယ်သူတွေက မဲထည့်ကြမှာလဲ” ဆိုပြီး ဖြစ်ပါလိမ့်မယ်။
.
2022 ခုနှစ်နှောင်းပိုင်းမှာတော့ Trump ဟာ သူ့ကိုယ်ပိုင် NFT Collection တွေ စထုတ်လာခဲ့ပြီး crypto industry ကိုပါ မျက်ခုံးလှုပ်စေခဲ့ပါတယ်။ Trump သာ crypto နယ်ပယ်ထဲ ရောက်လာပြီဆိုရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆွေးနွေးကြ၊ ငြင်းခုန်ကြနဲ့ အတော်လေးကို ပွဲစည်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ Trump နာမည်နဲ့ memecoin တွေ ထုတ်ပြီး လိမ်ပြေးသွားသူတွေတောင် ရှိခဲ့ကြပါသေးတယ်။
.
ဒီလိုနဲ့ Trump တယောက် NFT Collection တွေထုတ်လိုက်၊ crypto နဲ့ပတ်သက်တဲ့အကြောင်းတွေ interview တွေမှာ ဟိုစပ်စပ်၊ ဒီစပ်စပ်ဖြေလိုက်နဲ့ ရှိနေခဲ့ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်ချိန်အရောက်မှာတော့ Bitcoin အပါအဝင် crypto တွေနဲ့ပတ်သက်လို့ သူ့ရဲ့ စိတ်အားထက်သန်မှုကို ချပြလာခဲ့ပါတယ်။
.
Bitcoin ကောင်းကြောင်းတွေထုတ်ပြောရင်း US ဟာ crypto နယ်ပယ်မှာ ဦးဆောင်နေစေရမယ်လို့ ပြောခဲ့သလို US အနေနဲ့ Bitcoin Reserve တွေ $ billion နဲ့ချီ ဝယ်စုထားဖို့ကိစ္စကိုလည်း မဲဆွယ်မှုတခုအဖြစ် အသုံးချခဲ့ပါတယ်။ ဒီအချိန်မှာ Trump နဲ့ပတ်သက်လို့ အမြင်တွေကို ကြည့်ကြည့်မယ်ဆိုရင် “စီးပွားရေးအရ အနှုတ်ပြနေတဲ့ US ကို ချောက်ထဲ မကျခင် လက်တလုံးအလိုမှာ ကယ်တင်ပေးမယ့် ကယ်တင်ရှင်ကြီး” အဖြစ် မြင်သူတွေ အတော်လေးကို များခဲ့တာကို တွေ့ရသလို Trump ကလည်း ဒီအချက်ကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီး သူ့ရဲ့ ပုံစံအတိုင်း မာမာထန်ထန်၊ ဟော့ဟော့ရမ်းရမ်းစကားလုံးတွေနဲ့ မဲဆွယ်ခဲ့ပါတယ်။
.
Crypto industry ဟာလည်း Trump လက်ထက် 2025 ခုနှစ်မှာ တွေ့လာရတော့မယ့် အပြောင်းအလဲတွေကို မျှော်လင့်ခဲ့ကြသလို cryptocurrency ဈေးတွေဟာလည်း ချိန်သားကိုက် လောင်စာအပြည့်နဲ့ Bull Market တခုဖြစ်ခဲ့ပါတယ်။
.
Trump MEME Coin
2024 ခုနှစ်နှောင်းပိုင်း Trump ရွေးကောက်ပွဲနိုင်ပြီးနောက်မှာလည်း ဈေးတွေအတက်ကြမ်းနေဆဲဖြစ်ခဲ့ပြီး ခေတ်ကောင်းရောက်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပိုခိုင်မာလာစေခဲ့ပါတယ်။ ဒါပေမယ့် 2025 ခုနှစ် January လ 17 ရက်နေ့၊ US သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် 3 ရက်အလိုမှာတော့ Trump တယောက် ဘယ်သူမှ ထင်မထားတဲ့ အရာတခုကို လုပ်လိုက်ပါတယ်။ TRUMP ဆိုတဲ့ နာမည်နဲ့ တရားဝင် memecoin ထုတ်လိုက်တာပါ။
.
ဒီသတင်းကို စကြားကြားချင်းမှာ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ မသေချာမရေရာမှုတွေ ဖြစ်စေခဲ့သလို တကယ် သေချာသွားခဲ့ချိန်မှာလည်း အလုအယက်ပြေးဝယ်ခဲ့ကြတာကြောင့် ဈေးတွေ တောက်လျှောက်ထိုးတက်ခဲ့ပြီး $70 ကျော်အထိ ရောက်သွားခဲ့ပါတယ်။ TRUMP memecoin ထွက်လာပြီး သိပ်မကြာခင်မှာပဲ Trump ရဲ့ ဇနီးသည် Melania Trump ရဲ့ တရားဝင် memecoin MELANIA ပါ လိုက်ထွက်လာခဲ့ပါတယ်။ ဒီအချိန်မှာတော့ US သမ္မတတယောက်က ဒီလိုမျိုး memecoin တွေ ထုတ်ခွင့် ရှိ၊ မရှိကို မေးခွန်းထုတ်မှုတွေ ပိုမြင့်တက်လာခဲ့ပြီး ဥပဒေကြောင်းအရ အရေးယူဖို့ တိုက်တွန်းမှုတွေရှိလာခဲ့ပါတယ်။
.
Trump နဲ့တကွ Republican တွေဖက်ကတော့ ဒီလိုမေးခွန်းထုတ်မှုကို မသိကျိုးကျွံပြုထားခဲ့ကြပြီး January လ 20 ရက်နေ့မှာ Trump တယောက် တရားဝင် US သမ္မတဖြစ်လာခဲ့ပါတယ်။ သမ္မတဖြစ်လာချိန်မှာတော့ Elon Musk ဦးဆောင်မယ့် DOGE (Department of Government Efficiency) ကိုလည်း တရားဝင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကနေ US နှုတ်ထွက်ဖို့ အမိန့်စာအပါအဝင် အမိန့်စာပေါင်း ရာနဲ့ချီကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။
.
ဒီအမိန့်စာတွေထဲမှာ လူတွေထောက်ခံတဲ့ အမိန့်စာတွေလည်း ပါသလို အပြင်းအထန်ကန့်ကွက်တဲ့ အမိန့်စာတွေလည်းပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမဆုံးရက်မှာ Trump လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့ အမိန့်စာတွေထဲ crypto နဲ့ပတ်သက်တဲ့ အမိန့်စာတွေ မပါဝင်ခဲ့ပါဘူး။ ဒီအခါမှာ TRUMP memecoin ကိုင်ထားကြသူတွေအတွက် စိတ်ပျက်စရာဖြစ်စေခဲ့ပြီး TRUMP ဈေးတွေလည်း တောက်လျှောက်ထိုးကျခဲ့ပါတယ်။
.
အစပိုင်းမှာတော့ Trump တယောက် သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ခံပြီး TRUMP token ကို ဈေးအကျခံမှာ မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ TRUMP ကို ထုတ်မရောင်းကြသူတွေလည်း ရှိခဲ့ပေမယ့် ဈေးတွေတောက်လျှောက်ထိုးကျလာချိန်မှာတော့ မကိုင်ရဲကြတော့ဘဲ ထုတ်ရောင်းကြသူတွေ တဖြည်းဖြည်းများလာတာကိုလည်း တွေ့ရပါတယ်။
.
နောက်ပိုင်းမှာလည်း စည်းကြပ်ခွန်တွေ ကြေငြာလာ၊ DOGE ရဲ့ ဦးဆောင်မှုနဲ့ အစိုးရဝန်ထမ်းတွေကိုလည်း အကြီးအကျယ်အလုပ်ဖြုတ်တာမျိုးတွေ လုပ်လာချိန်မှာတော့ TRUMP ရဲ့ ဈေးဟာ $20 အောက်အထိ ကျသွားခဲ့ပြီး $70 ကျော်မှာ ဝယ်ကိုင်ထားသူတွေကို ပိုက်ဘောမိစေခဲ့ပြီး ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပါတယ်။
.
ဒါပေမယ့်လည်း ရှုံးသူတွေရှုံး၊ မြတ်သူတွေ မြတ်ခဲ့ကြတဲ့ ဒီ Trump ဖြစ်စဉ်တခုလုံးဟာ လေ့လာသူတွေအတွက်တော့ အရမ်းကောင်းတဲ့ case study ဥပမာတခုပါပဲ။
အထူးသဖြင့် လူပုဂ္ဂိုလ်တယောက်အပေါ်၊ အဖွဲ့အစည်းတခုအပေါ်ကို အမှီပြုပြီး တည်ဆောက်ထားတဲ့ memecoin တွေရဲ့ မတည်မြဲတဲ့သိင်္ခါရတရားတွေကို ကောင်းကောင်းကြီး လေ့လာလို့ရနိုင်ပါတယ်။ Trump ပေါ်ကို အမှီပြုပြီး တည်ဆောက်ထားတဲ့ TRUMP coin ဟာ Trump ရဲ့ လုပ်ရပ်တွေနဲ့ peg လုပ်ထားသလိုမျိုးကို တည်ရှိနေတာပါ။ သူ့ရဲ့ အာဏာနဲ့ အရှိန်အဝါကို သုံးပြီး ဆွဲတင်ရင်ဆွဲတင်သလောက် ဈေးတွေ တက်လာနိုင်သလို ဂရုမစိုက်ဘဲ ပစ်ထားရင်တော့ ဈေးက တက်ဖို့ထက် ကျဖို့ ပိုများတဲ့အခြေအနေပါ။
.
TRUMP coin နဲ့ အလားတူ လေ့လာလို့ရနိုင်တဲ့ ဥပမာတခုကတော့ Argentina သမ္မတ Javier Milei ရဲ့ LIBRA memecoin ပါ။ Trump လိုမျိုးပဲ crypto အားပေးသမ္မတတဦးဖြစ်တဲ့ Milei ဟာ Argentina နိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုဖို့ ရည်ရွယ်ထားပါတယ်ဆိုတဲ့ Libra memecoin project တခုကို သူ့ရဲ့ X account ကနေတဆင့် မိတ်ဆက်ခဲ့ပါတယ်။ ဒီလိုမိတ်ဆက်ခဲ့ရာကနေ Argentina သမ္မတမိတ်ဆက်တဲ့ memecoin project ဆိုပြီး လူအတော်များများက အလုအယက်ဝယ်ခဲ့ကြတာကြောင့် ဈေးဟာလည်း ထောင်တက်သွားခဲ့ပါတယ်။ ဒါပေမယ့် နာရီပိုင်းအကြာမှာတော့ developer team ဖက်က liquidity pool ထဲက USDC နဲ့ SOL တွေကို ထုတ်ယူသွားပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ LIBRA ရဲ့ ဈေးတွေလည်း တောက်လျှောက်ထိုးဆင်းသွားခဲ့ပါတယ်။
.
သမ္မတ Milei ကတော့ ဒီ project ဟာ အလိမ် project ဖြစ်ကြောင်း သူမသိပါဘူးလို့ ငြင်းဆိုခဲ့ပေမယ့် အတော်များများကတော့ LIBRA နဲ့ပတ်သက်လို့ Milei ကို တာဝန်ခံခိုင်းနေကြပါတယ်။
Trump နဲ့ Milei တို့ရဲ့ ဖြစ်စဉ် 2 ခုလုံးမှာ တူညီတဲ့အချက်
ပထမတချက်ကတော့ စထွက်တာကို သိ,သိချင်းမှာ ဝယ်ထားမိသူတွေဟာ အမြတ်ကြမ်းကြတာပါ။ ဥပမာ TRUMP coin ကို 1$ လောက်မှာတည်းက မှီလိုက်ပြီး $20 လောက်မှာ ရောင်းလိုက်တယ်ဆိုရင်တောင် အဆ 20 မြတ်နေပါပြီ။ ဒါပေမယ့် သူနဲ့ ပြောင်းပြန်အခြေအနေကတော့ $TRUMP ရဲ့ အမြင့်ဆုံးဈေး $70 မှာ ဝယ်လိုက်မိပြီး ပြန်တက်မှာပါလေဆိုတဲ့အတွေးနဲ့ တောက်လျှောက်ကိုင်ထားရင်တော့ အခုချိန်မှာ 7 ဆလောက် ရှုံးနေမှာဖြစ်ပါတယ်။
.
နောက်တချက်ကတော့ အရှေ့မှာပြောခဲ့သလိုပဲ သက်ဆိုင်ရာ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းက ဆွဲတင်ရင်ဆွဲတင်သလို နိုင်ငံရေးအခြေပြု memecoin တွေဟာ တက်လမ်းရှိပေမယ့် ဆွဲမတင်ဘဲ ရေလိုက်ငါးလိုက်ပစ်ထားရင်တော့ ရေစုန်မျောနေမှာပါပဲ။
.
ဒါ့အပြင် ဒီလို memecoin တွေဟာ အပြင်လောကမှာ အသုံးချလို့ရတဲ့နေရာ သေချာမရှိဘဲ အရှိန်အဝါတခု၊ နာမည်ကြီးမှုတခုအပေါ် အခြေခံတည်ဆောက်ထားတာဖြစ်လို့ တန်ဖိုးကျလွယ်ပါတယ်။ ထိလွယ်ရှလွယ်တဲ့ အရှိန်အဝါတွေ၊ နာမည်ကြီးမှုတွေနဲ့အတူပဲ ဒီ memecoin တွေရဲ့ ဈေးတွေဟာလည်း ထိလွယ်ရှလွယ်နေမှာဖြစ်ပြီး ဈေးအတက်အကျကြမ်းတမ်းမှုတွေကြားမှာ ဝယ်ကိုင်ထားမိသူတွေဟာ ပုံမှန်ထက် အဆပေါင်းများစွာ အလျော်အစားကြမ်းပါတယ်။
.
နောက််ဆုံးတချက်ကတော့ memecoin တွေနဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ မူဝါဒတွေ သေချာမရှိသေးတာကြောင့် ဥပဒေတွေ၊ မူဝါဒတွေနဲ့ အချိန်မရွေး ထိန်းချုပ်ကန့်သတ်လိုက်လို့ရနိုင်ပါတယ်။ ဒီအခါမှာလည်း ဈေးတက်ဖို့ထက် ဈေးကျဖို့ပိုများသလို ဒီဒဏ်တွေကို ရှေ့ဆုံးက ခါးစည်းခံရမှာကတော့ ဝယ်ကိုင်ထားမိကြသူတွေပါပဲ။
.
ဒါကြောင့် အချုပ်ဆိုရရင်တော့ memecoin တွေ၊ အထူးသဖြင့် use case သေချာမရှိဘဲ လူပုဂ္ဂိုလ်တယောက်၊ အဖွဲ့အစည်းတခုရဲ့ အရှိန်အဝါကို အမှီပြုတည်ဆောက်ထားတဲ့ memecoin တွေဟာ ဈေးအတက်အကျကြမ်းပြီး သူဌေးဖြစ်၊ ခွေးဖြစ် cryptocurrency အမျိုးအစားတွေဖြစ်တာကြောင့် ဖြစ်နိုင်ရင် ဝယ်မကိုင်သင့်ဘဲ အရမ်းဝယ်ချင်လှပါချည်ရဲ့ဆိုရင်တော့ ထီထိုးတယ်လို့ သဘောထားပြီး ထီလက်မှတ်ဖိုးလောက်သာ ဝယ်ကိုင်ကြဖို့ အကြံပြုလိုပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL